Friday, August 27, 2010

ကိုရွှေဘယဉ်ကျေးမှုရနံ.သင်းပျံ.နေတဲ.နေရာ

ကိုရွှေဘယဉ်ကျေးမှုရနံ.သင်းပျံ.နေတဲ.နေရာ
ရေးသူ- နောင်ကျော်

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၃၂)၊ ဇူလိုင်လ၊ ၂၀၁၀ ခုနှစ် မှာဖော်ပြထားတဲ့ အထူးပြုစာမျက်နှာ ဆောင်းပါးကို ကြိုက်နှစ်သက်၍ ကူးယူယူဖော်ပြခြင်း ဖြစ်ပါတယ်။)

လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်လေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစားရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ..... စသဖြင့် ရှိတတ်ကြတယ်။ တချို့ကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ဖူးပြီး ချစ်ရတာ။ တချို့ကိုတော့ တခါမှ မမြင်ဘူးပဲ တဆင့်စကား တဆင့်နားနဲ့ ကြားပြီး (ဒါမှမဟုတ်) စာထဲမှာပဲ တွေ့ဖူးပြီး ချစ်နေရတာ။ သြော်.... သံယောဇဉ်၊ သံယောဇဉ်။ ပါဠိလိုတော့ သံယောဇန။ မြန်မာလိုပြန်တော့ နှောင်ဖွဲ့သော သဘော.... တဲ့။

သံယောဇဉ်ဆိုတာ သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိသားစု ဆွေမျိုး အသိုင်းအ၀ိုင်းကြားမှာပဲ ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ်လေးစားရ၊ အားကျရ၊ ကြည်ညိုရသူတွေနဲ့ ပါတ်သက်ရင်လည်း သံယောဇဉ်ဆိုတာ ရှိပါတယ်။ ပြီးတော့ ကိုယ်သဘောကျတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း လောကကြီးမှာ ရှိတတ်ပါသေးတယ်။ သူ့ကို ဆိုရင်လည်း သံယောဇဉ် ဖြစ်နေတတ်ပါသေးတယ်။

ကိုယ်ရောက်နေတဲ့ လူ့ဘ၀သက်တမ်းရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ (လူမှုဆက်ဆံရေး ကျယ်ရင် ကျယ်သလောက်) လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံကြရပါတယ်။ အဲဒီ လူမှုဆက်ဆံရေးတွေထဲမှာပဲ ကိုယ်ချစ်ရတဲ့သူ ဆိုတာကို (တယောက်မက) တွေ့ခဲ့ကြမှာပါ။ ရင်ခုန်မိခဲ့တဲ့ သူတွေလည်း တွေ့ခဲ့ရဖူးမှာပါ။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ဆိုတာကိုလည်း (အသက်အရွယ်အလိုက်) တယောက်ထက်မက တွေ့ခဲ့ကြဖူးမှာပါ။ ကိုယ်အားကျတဲ့ (နယ်ပယ်အသီးသီးက) ပုဂ္ဂိုလ်တွေကိုလည်း တွေ့ခဲ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်က ကြည်ညိုမိပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ လူပုဂ္ဂိုလ်တွေလောက် အရေအတွက်များမှာ မဟုတ်တော့ပါဘူး။

ကြည်ညိုရတဲ့ ပုဂ္ဂိုလ်ကျတော့ လေးစားတာတွေ၊ တန်ဖိုးထားတာတွေ၊ အားကျတာတွေ၊ သံယောဇဉ်ဖြစ် ရတာတွေ၊ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ ရပ်တည်ချက်အပေါ် ယုံကြည်တာတွေ၊ မှန်တဲ့ဘက်မှာ အမြဲတမ်းရှိနေလို့ သဘောကျတာတွေရော အားလုံးပေါင်းစုပြီး ဖြစ်တဲ့ခံစားမှုနဲ့ သဘောထားမျိုးဆိုတော့ ကိုယ်ဘ၀ရဲ့ ရှားရှားပါးပါး ပုဂ္ဂိုလ်တယောက် ဖြစ်နေတတ်ပါတယ်။ ကြည်ညိုစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ရယ်လို့ စံထားသတ်မှတ်ခံရသူတွေဟာ များသောအားဖြင့် ကွယ်လွန်သွားခဲ့ပြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ အဖြစ်များမယ် ထင်ပါတယ်။ သက်ရှိထင်ရှား ပုဂ္ဂိုလ်မျိုးက အရေအတွက်မများလှဘူးလို့ ထင်မိပါတယ်။ ဒါကတော့ ကိုယ့်တဦးချင်းစီရဲ့ 'စံသတ်မှတ်' တွေနဲ့ ပိုပြီး သက်ဆိုင်ပါ လိမ့်မယ်။

လူတွေရဲ့ သဘာဝက ရင်းရင်းနှီးနှီး လက်ပွန်းတတီး ရှိနေသူဆီမှာ လေးစားစရာ၊ ကြည်ညိုစရာကောင်း တဲ့ အချက်အလက် (ကိုယ်ကျင့်တရားစံ) တွေ ရှိနေပေမယ့် အဲဒီ လူပုဂ္ဂိုလ်ကို အသိအမှတ်ပြုရကောင်းမှန်း၊ တန်ဘိုးထား လေးစားရကောင်းမှန်း မသိကြပါဘူး။ တချို့ကတော့ မသိချင်ယောင် ဆောင်နေတတ်ကြပါတယ်။ တချို့ဆိုရင် 'ရွာနားဘုရား၊ ရွာသားမကြည်ညို့' ဖြစ်ရုံမကဘဲ ပခုံးချင်းတိုင်းတာတို့၊ ပြဿနာရှာတာတို့၊ စော်ကားမော်ကား လုပ်တာတို့တောင် ရှိတတ်ကြပါတယ်။ မလိုသူတွေရဲ့ အကြည့်မှာ အပြစ်ရှာတဲ့ အနံ့ခံ ကရိယာတွေ ပါတတ်ပါတယ်။ ကဲ့ရဲ့ချင်သူတွေရဲ့ အကြည့်မှာ မနာလို အမုန်းတရားတွေ ပါတတ်ပါတယ်။ အတ္တကြီးသူတွေရဲ့ အကြည့်မှာ ပြိုင်ဘက်အညှိုးတွေ ပါတတ်ပါတယ်။ မာန်ထောင် မောက်မာသူတွေရဲ့ အကြည့်မှာ အထင်သေးစော်ကားစိတ်တွေ ပေကျံနေတတ်ပါတယ်။ အဲဒီလို ကြည့်တတ်သူတွေ သတိထား စဉ်းစားမိဖို့ လိုတာကတော့ ကိုယ်လှမ်းကြည့်မိတဲ့ ပုဂ္ဂိုလ်ဟာ 'လူသားပုထုဇဉ်' ဖြစ်တယ်ဆိုတာကိုပါ။ အမှားလား၊ ရည်ရွယ်ချက်ရှိတဲ့ အမှားလား ဆိုတာ ခွဲကြည့်ရမှာပါ။ ခွင့်လွှတ်သင့်တဲ့ အမှား၊ ခွင့်လွှတ်လို့ မဖြစ်တဲ့ အမှား၊ ကာယကံရှင်ပဲ ထိခိုက်တဲ့အမှား၊ လူတွေကို ဒုက္ခရောက်စေတဲ့အမှား၊ အမှားလို့ ထင်နေမိတဲ့အမှန်... စသဖြင့် ခွဲခြားကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ယဉ်ကျေးတာတော့ ကောင်းပါရဲ့

ကျွန်တော် ဆောင်းပါးရေးတဲ့ အခါမျိုးမှာ ကိုးကားတာ၊ ရည်ညွှန်းတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလို အခါတိုင်းမှာ စာအုပ်တအုပ်၊ ဒါမှမဟုတ် ဆောင်းပါးတပုဒ်မှာပါတဲ့ ကလောင်နာမည်အတိုင်းရေးပြီး ကိုးကားလေ့ ရှိပါတယ်။ ဥပမာ- ဇော်ဂျီ၊ မင်းသုဝဏ်၊ တိုက်စိုး.... အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာကို ညွှန်းတာပဲ ဖြစ်ဖြစ်၊ ကိုးကားတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အခါတိုင်းမှာ ကလောင်နာမည်ကို မူလဖော်ပြထားသလိုပဲ ရေးလေ့ရှိပါတယ်။ ကလောင်နာမည် ရှေ့မှာ 'ဆရာ' ဆိုတဲ့ စကားလုံးကို သုံးလေ့မရှိသလောက်ပါပဲ။ အဲဒါကို မိုက်ရိုင်းတယ်၊ ရိုင်းစိုင်းတယ်၊ ဂုဏ၀ုတ္တိ ၀ယ၀ုတ္တိ မရှိဘူးလို့ ထင်မှတ်သူတွေ ရှိနိုင်ပါတယ်။ အဲဒီလို ထင်သူတွေ ရှိရင် 'သုတေနသနထုံး' ကို လေ့လာကြည့်စေချင်ပါတယ်။

လောကကြီးမှာ တချို့ဟာ ယဉ်ကျေးလေးစားဖို့ လိုအပ်တာကို ယဉ်ကျေးလေးစားရကောင်းမှန်း မသိဘဲ၊ လိုက်နာ စောင့်ထိန်းရကောင်းမှန်း မသိဘဲ မလိုအပ်တာကို လေးစားယဉ်ကျေးချင်ယောင် ဆောင်ပြနေတာမျိုးတွေ ရှိပါတယ်။ အတော့်ကို စိတ်ညစ် စက်ဆုပ်စရာ ကောင်းတာ မျိုးပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ သဘောထားပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို တဆင့်မြှင့်တင်ပြီး စိတ်ထားရင့်ကျက်သူ ဖြစ်လာအောင် ကြိုးစားအားထုတ်တာမျိုး မလုပ်ပဲ အပေါ်ယံ ထင်သာ မြင်သာတဲ့ ကိစ္စတွေလောက်မှာပဲ ယဉ်ကျေးချင်ယောင် ဆောင်ပြနေမတာမျိုးတွေက အစဉ်အလာကြီးတခု ဖြစ်လာနေပြီလား။ ဒါဆိုရင် အဲဒီ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ဘယ်လောက်တောင် စိုးရိမ်စရာကောင်းတဲ့ ရေမှတ်ကို ရောက်သွားနိုင်မယ်လို့ ထင်မိပါသလဲ။

နောက်ပိုင်းကြမ်းမှ ကြမ်းတာ

မလိုအပ်ဘဲ လေးစားပြနေတဲ့ ကိစ္စ၊ လေးစားသင့်တဲ့နေရာမှာ မလေးစားတတ်တဲ့ ကိစ္စကနေ ဆက်စပ်ပြီး လေးစားမှု၊ ချစ်ခင်အားကျမှုနဲ့ ဘ၀ကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တယောက်အကြောင်းကို သတိရလာပါတယ်။ ဆက်ပြောခွင့် ပြုပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်လောကမှာ 'ရွှေဘခေတ်' ဆိုတာ ရှိခဲ့ပြီး ကျွန်တော်လည်း အတော်လေး မှီခဲ့ပါတယ်။ ရုပ်ရှင်မင်းသား 'ရွှေဘ' ပါတဲ့ ဇာတ်ကားအတော်များများကို ကြည့်ဖူးပြီး သဘောလည်း ကျခဲ့ဖူးပါတယ်။ ကျွန်တော့်လို 'ရွှေဘ' ရုပ်ရှင်ကားတွေ ကြည့်ပြီး ကြီးလာသူတွေနဲ့ တက္ကသိုလ်ကျောင်းသား ဘ၀မှာ ဆုံခဲ့ပါတယ်။ အဲဒီကာလတုန်းက ရန်ကုန်တက္ကသိုလ်ကို လာတက်ကြတဲ့ နယ်မြို့ အသီးသီးက ကျောင်းသားအတော်များများ ရှိနေပါသေးတယ်။

တရက်မှာ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေကြရာကနေ ငယ်ငယ်တုန်းက သဘောကျခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသားတွေအကြောင်း ရောက်သွားပါလေရော။ အဲဒီမှာတင် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ရွှေဘရဲ့ ရုပ်ရှင်ကားတွေနဲ့ သူ့ပရိသတ်တွေ အကြောင်းကိုပါ တယောက်တပေါက် ပြောဖြစ်ကြပါတယ်။ အဲဒီစကားဝိုင်းထဲမှာ အညာဒေသသား နှစ်ယောက်လည်း ပါ, ပါတယ်။ သူတို့နှစ်ယောက်က ဇာတိမြို့ချင်းတော့ မတူပါဘူး။

အညာသားတယောက်ကပြောတယ်

"ကျွန်တော်တို့ မြို့က လူတွေရဲ့ ရွှေဘကို လေးစားပုံများကတော့ဗျာ.... တရက်မှာ ကျွန်တော်တို့ မြို့ကို လူစိမ်းတယောက် ရောက်လာတယ်။ သူသွားချင်တဲ့နေရာကို ဆိုက်ကား ငှားစီးရင်း ရုပ်ရှင်ရုံရှေ့ ရောက်လာတော့ 'အော်... ဒီမြို့မှာ ရွှေဘကား ပြနေတာကိုး' လို့ ပြောသတဲ့။ အဲဒီတော့ ဆိုက်ကားဆရာက သူ့ခရီးသည်ကို 'ခင်ဗျား.. ကိုရွှေဘလို့တော့ ပြောပါဗျာ' တဲ့။ ခရီးသည်ကလည်း အခြေအနေကို သဘောပေါက်ပုံမရတဲ့ လူမျိုး ထင်ပါရဲ့ဗျာ။ 'ရွှေဘဆိုပြီး ရေးထားလို့ ရွှေဘ ခေါ်တာပဲဗျ၊ ဘာမှားလို့လဲ' လို့ ပြန်ပြောသတဲ့။ အဲဒီအခါမှာ ဆိုက်ကားဆရာက သူ့ဆိုက်ကားကို ရပ်လိုက်ပြီး 'ကဲ... ကိုရွှေဘလို့မှ မခေါ်နိုင်ရင်တော့ အခုချက်ချင်း ဆိုက်ကားပေါ်က ဆင်းတော့ဗျာ။ ဆိုက်ကားခလည်း ပေးမနေနဲ့တော့' လို့ပြောပြီး ဆိုက်ကားပေါ်က မောင်းချလိုက်တာဗျ"

ဝိုင်းထဲက တယောက်က 'ခင်ဗျားတို့မြို့က လူတွေက ရွှေဘကို အဲဒီလောက် လေးစားကြတာလား' လို့ မေးလိုက်တယ်။ နောက်ထပ် အညာသားက ၀င်ပြောတယ်။

'ဟုတ်တယ်ဗျ။ ကျွန်တော်တို့ ဘက်က လူတွေက ရွှေဘကို အရမ်းချစ်ကြ လေးစားကြတာ။ သူ သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ရွှေဘကြီးက ကျေးလက် အဖိနှိပ်ခံ လူတန်းစားနေရာက သရုပ်ဆောင်ပြီး ဖိနှိပ် ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတဲ့ ကျေးလက်အာဏာရှိတဲ့ သူ့တပည့် လူမိုက်တွေကို အညံ့မခံဘဲနဲ့ ပြန်ချလေ့ရှိ တာကိုး။ ဒါကြောင့် သဘောကျတာပေါ့' ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ စကားဝိုင်းထဲက မိတ်ဆွေတယောက် ကလည်း 'အဲဒီ လူဆိုးလူမိုက်လုပ်တဲ့ ချီးဗူးတို့၊ ဌေးဝင်းတို့ ညိုအေးကြီးတို့ အုပ်စုကလည်း အဖွဲ့နာမည်နဲ့ သရုပ်ဆောင်တာ အတော့်ကို အောင်မြင်ခဲ့တာဗျ။ သူတို့ လူကြမ်းအဖွဲ့ နာမည်က ဘာတဲ့။ ကျွန်တော် ပြောခါနီးမှ မေ့သွားလို့ဗျ' လို့ ပြောတော့ ဘေးနားထိုင်နေတဲ့ မိတ်ဆွေက 'သမ္မတလူကြမ်းအဖွဲ့တဲ့ဗျ၊ ရွှေဘကားတွေကို ကြိုက်ရင် သမ္မတလူကြမ်းအဖွဲ့ နာမည်ကိုလည်း သတိရမှာပေါ့ဗျာ' လို့ ၀င်ထောက်ပေးလိုက်တယ်။

'အဖွဲ့လိုက် သရုပ်ဆောင်တဲ့ လူကြမ်းခေတ်ကလည်း တခေတ်ရှိခဲ့သေးတယ်ဗျ' လို့ ဒုတိယ အညာသားက ၀င်မှတ်ချက်ပေးပြီး သူငယ်ငယ်တုန်းက အတွေ့အကြုံကို ဆက်ပြောပြတယ်။

"ကျွန်တော်တို့မြို့က ရုပ်ရှင်ရုံမှာ ရွှေဘကားပြတော့ ပရိသတ်တွေက ရုံပြည့်လျှံ အားပေးကြတာဗျ။ ရုပ်ရှင်ကား စပြလို့ သိပ်မကြာခင်ကတည်းက ကျုပ်တို့ ရွှေဘကြီးခမျာ နည်းမျိုးစုံနဲ့ အနိုင်ကျင့်ခံရ၊ စော်ကားရန်စ ခံရ၊ နှိပ်စက်ခံရတော့တာပါပဲ။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း အမှုဆင် အဖမ်းခံရပြီး ထောင်ချခံရတယ်။ သားကို သိတ်ချစ်လွန်းတဲ့ အမေကြီးလည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး သေတယ်။ ရွှေဘရဲ့ ညီမလေးကိုလည်း လူမိုက်တွေက မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်ကြတယ်။ အဲဒါကို ကြည့်နေရတဲ့ ပရိသတ်က ရွှေဘကြီးဘက်က မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသနဲ့ အော်ကြ ဟစ်ကြ ဆဲဆိုကြနဲ့ တရုံလုံး ဆူညံကုန်တာပေါ့ဗျာ။ တချို့ဆိုရင် ရုပ်ရှင်ပိတ်ကားကိုတောင် ခဲနဲ့ လှမ်းပစ်ကြတာ။ ဟို လူမိုက်တွေကို တချက်လောက် ထိရင်လည်း မနည်းဘူး ဆိုတဲ့ ရွှေဘဘက်က မကျေနပ်တဲ့ စိတ်နဲ့။ အဲဒီလို ပြဿနာဖြစ်လာတော့ ရုပ်ရှင်ပြစက်ကိုင်နေတဲ့ လူတွေက ရုပ်ရှင်ပြနေတာကို ခဏရပ်လိုက်တယ်။ ပြီးတော့ အသံချဲ့စက်ကနေ ရုပ်ရှင်ကြည့်ပရိသတ်ကို စကားလှမ်း ပြောတယ်။ အဲဒီလို ပြောလိုက်တော့မှဘဲ ပရိသတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာက အေးဆေးသွားပြီး လက်ခုပ်တီးသူ တီးကြ၊ လက်ခေါက်မှုတ်သူ မှုတ်ကြ"

'နောက်ပိုင်းမှာ ပြေလည်သွားမှာဗျာလို့ ပြောလိုက်တာ မှုတ်လား' လို့ ကျွန်တော်က ဖြေမေး မေးလိုက်တယ်။ ဟုတ်တယ်လေဗျာ ဇာတ်လမ်းဆိုတာမျိုးကို အဆုံးသတ်ချိန်ရောက်ရင် ပြေလည်အောင် ဖြေရှင်းပေးလိုက်ကြတာပဲ။ ၀တ္ထုပဲ ဖြစ်ဖြစ်၊ ပြဇာတ်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲ ဖြစ်ဖြစ် အဲဒီလိုပဲ ဇာတ်သိမ်း တတ်ကြတာဆိုတော့ ကျွန်တော်က အဲဒီလို ၀င်ပြောလိုက်တာပေါ့။

ပဟေဠိဖွက်လိုက်တဲ့ ကိုရွှေအညာသား တက္ကသိုလ်ကျောင်းသားကြီးက ပြုံးပြီး ခေါင်းခါပြတယ်။ ကျန်တဲ့ လူတွေကလည်း သူဘာပြောမလဲ ဆိုတာကို လှမ်းကြည့်ပြီး နားထောင်နေကြတယ်။

'သူပြောလိုက်တဲ့စကားက အရေးကြီးတယ်။ ဇာတ်လမ်းအတတ်ပညာသဘောနဲ့ ပြောရရင် ပရိသတ်ရဲ့ သိချင်စိတ်ကို နှိုးဆွပေးတဲ့ (Suspense) စကားမျိုးပဲ။ သူက ပရိသတ်ကြီး ခင်ဗျာ၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမှာမို့လို့ ခံနေရတာပါ။ ပရိသတ်ကြီး အနေနဲ့ သည်းခံပြီး ဆက်ကြည့်ပေးကြပါ။ သိပ်မကြာခင်မှာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကိုရွှေဘဟာ သူ့ကို အနိုင်ကျင့်သူတွေကို လက်စားချေပါလိမ့်မယ်။ ကိုရွှေဘနောက်ပိုင်းမှာ ကြမ်းပြပါလိမ့်မယ်တဲ့။ ရွှေဘ နောက်ပိုင်းကြမ်းမယ်ဆိုတဲ့ စကားကြောင့် ပရိသတ် ကျေနပ်သွားတာ။ အဲဒီလိုမှ မဟုတ်ရင်.....'

သူက ပြောပြီး တ၀ိုင်းလုံးကို ပြုံးကြည့်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း သူပြောချင်တာကို သဘောပေါက်လို့ ပြုံးလိုက်ကြပါတယ်။ ဒီစကားတွေကို ပြောခဲ့ကြတာ ၁၉၈၃- ၈၄ ၀န်းကျင် ကာလတွေကပါ။ အခု ရန်ကုန်တက္ကသိုလ် ၀င်းထဲမှာ ကျွန်တော်တို့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ထိုင်ခဲ့ကြတဲ့ ဂျပ်ဆင်ကင်တင်း ဆိုတာလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ ထိုင်နေကျ စာပွဲရှည်ကို အုပ်မိုးထားတဲ့ ရေတမာပင်ကလေးကတော့ ရှိနေဦးမယ်ထင်တယ်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းနဲ့ ကပ်လျက်၊ အပန်းဖြေရိပ်သာနောက်ဘက် ကော်ရစ်ဒါနဲ့ ကပ်လျက်ဆိုတော့ အပင်ကြီးတပင်အနေနဲ့ ရှိနေနိုင်ပါဦးမလား။ နှစ်ပေါင်း အစိတ်ကျော်ခဲ့ပြီဆိုတော့ တရက်လောက်တော့ အလွမ်းပြေ သွားကြည့်ရပါဦးမယ်။

ကိုယ်စားပြုနိုင်မှ

ရုပ်ရှင်မင်းသား ရွှေဘကို သူ့ပရိသတ်တွေက 'ကိုရွှေဘ' လို့ ခေါ်ကြတယ်။ လူငယ်လေးတွေက 'ဦးရွှေဘ' လို့ ခေါ်ကြတယ်တဲ့။ အဲဒီအခါ ကာလတွေတုန်းက နယ်မြို့နဲ့ ကျေးလက်ပရိသတ်ရဲ့ အသည်းစွဲ အနုပညာရှင်တွေ ထဲမှာ ရုပ်ရှင်ဆိုရင် 'ရွှေဘ'၊ အဆိုကျော်ဆိုရင် 'တွံတေးသိန်းတန်' ဆိုပြီး ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း ကျေးလက်ဘ၀နဲ့ ကျေးလက်ခံစားမှုကို ကိုယ်စားပြုနိုင်ခဲ့ကြပါတယ်။ ဘ၀ကို ကိုယ်စားပြုပြီး ထုတ်ဖော်ပြနိုင်သူဆိုရင် သက်ဆိုင်ရာ ဘ၀ထဲက ပရိသတ်တွေအနေနဲ့ အဲဒီပုဂ္ဂိုလ်ကို သူတို့တွေရဲ့ ကိုယ်စားလှယ်အနေနဲ့ အသိအမှတ်ပြုပြီး အားပေတတ်ကြတဲ့ သဘာဝရှိပါတယ်။

အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို သူ့ပရိသတ်တွေက ချစ်စရာအကြောင်းအချက် ခိုင်လုံလို့၊ လေးစားစရာ အကြောင်းအချက် ခိုင်လုံလို့၊ ယုံကြည်စရာ အကြောင်းအချက် ခိုင်လုံလို့ ချစ်ကြ၊ လေးစားကြ၊ ယုံကြည်တန်ဖိုး ထားခဲ့ကြတာပါ။ လေးစားမှုရအောင်၊ သဘောကျ ချစ်ခင်နှစ်သက်မှု ရအောင်ဆိုပြီး လုပ်ကြံဖန်တီးယူလို့ ရရင်လည်း ခဏလောက်ပဲ ဖြစ်ပါလိမ့်မယ်။ မိုးထဲရေထဲမှာ ရုပ်လုံးကွဲသွားတတ်ပါတယ်။

ပရိသတ်ပြည်သူတွေရဲ့ လေးစားမှုခံရ၊ သဘောကျခံရ၊ အချစ်ခံရ၊ တန်ဖိုးထားခံရ၊ ယုံကြည်ခံရ၊ ကြည်ညိုခံရသူ တွေဟာ သူတို့ရဲ့ ဘ၀တခုလုံးကို လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တခုထဲမှာ နှစ်မြှုပ်ပုံအောပြီး အနစ်နာခံ ရင်းနှီးပေးဆပ်ခဲ့ကြသူတွေပါ။ လူတချို့တလေက အလံရှူးတွေ သုံးပြီး အများရဲ့ ချစ်ခင်လေးစားမှု ရအောင် မြှူဆွယ်လှည့်ဖျားရယူနိုင်ကြရင်လည်း ကာလတို တခုလောက်ပဲ ရမှာပါ။ ကျီးကန်းဟာ ဒေါင်းယောင်ဆောင်လို့ မရပါဘူး။ ခွေးအဟာ ခြင်္သေ့ယောင်ဆောင်လို့ မရပါဘူး။ လင်းတဟာ လင်းယုန်ယောင်ဆောင်လို့ မရပါဘူး။ သဘာဝတရားထဲမှာ အမြဲတမ်း မှန်နေတဲ့ သဘာဝတရားစစ်စစ်လည်း ဖြစ်နေပါသေးတယ်။

သိမှပြောလို့ရတာ

လူရယ်လို့ ဖြစ်လာတဲ့ ဘ၀အခိုက်အတန့်ကလေးမှာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစာရတဲ့သူ၊ ကိုယ်အားကျရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့သူ... စသဖြင့် ရှိတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အောင်မြင်ထင်ရှား လူသိမများခင် ဘ၀ အစပိုင်းတွေဟာ ခက်ခဲကြမ်းတမ်းပြီး ဒုက္ခမျိုးစုံကို ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ အောင်မြင်တဲ့ ဘ၀ပိုင်းကို ရောက်ခါနီးတော့မှပဲ သူ့ဘ၀ကို ခပ်လှမ်းလှမ်းက ထိုင်ကြည့်နေသူ တယောက်ယောက်က (အကြောင်းသိပီပီ) ရွှေဘရုပ်ရှင်ကားပြတဲ့သူ ပြောသလို ပြောခွင့်ရတာပါ။

'ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမို့ လှိမ့်ခံနေရတာပါ။ နောက်ပိုင်းကြမ်းပြပါလိမ့်မယ်'။

နောင်ကျော်