Monday, February 14, 2011

မြန်မာ့ဇာတ်ပို့ဆိုင်းဝိုင်းကြီး

ရန်ဝင်း (တောင်တံခါး)

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁

“လုံးနှစ်ဆယ် ပတ်ပြင်

လက်တင်ကာ ရေလှည့်လို့

(ရွာစားရေ) မန်းဘွဲ့နဲ့ ပို့တော်မူစမ်း”

ရှေးဆိုင်းဆင့်လင်္ကာ

မြန်မာ့ရိုးရာဆိုင်းအဖွဲ့တွေမှာ ဇာတ်ပို့ဆိုင်း နဲ့ ဗလာဆိုင်းလို့ခေါ်တဲ့ ဆိုင်းနှစ်မျိုးနှစ်စားရှိပါတယ်။ ဇာတ်ပို့ဆိုင်းကို ဇာတ်အဖွဲ့၊ ရုပ်သေးအဖွဲ့တွေနဲ့တွဲဖက်ထားပြီး နာမည်အတိုင်းပဲ အဲဒီဇာတ်တွေကို ပို့ပေးရတဲ့ အဓိကတာဝန်ရှိပါတယ်။ ဗလာဆိုင်းကတော့ အလှူမင်္ဂလာပွဲ၊ လက်ထပ်မင်္ဂလာပွဲ၊ ဘုရားပွဲ၊ ဧည့်ခံပွဲအမျိုးမျိုးတွေမှာ တီးကြတဲ့ဆိုင်းမျိုးပါ။ ဒုမင်္ဂလ နာရေးပွဲတွေမှာပဲ သီးသန့်တီးတဲ့ ဗလာဆိုင်း အဖွဲ့တွေလည်း ရှိပါတယ်။

ဆိုင်းဝိုင်းကြီးကိုဖွဲ့စည်းထားပုံနဲ့ ပါဝင်တဲ့တူရိယာတွေ၊ အဆင်အပြင် အထားအသိုတွေအားလုံးက ဇာတ်ပို့ဆိုင်းဝိုင်းနဲ့ ဗလာဆိုင်းဝိုင်း နှစ်မျိုးစလုံးမှာ အတူတူပါပဲ။ ပတ်ဝိုင်းကြီးရဲ့ ညာဘက်ခြမ်းမှာ အသံစုံ တူရိယာတွေဖြစ်တဲ့ ကြေးနောင်ဝိုင်း၊ မောင်းဆိုင်းနဲ့ နှဲ၊ ပလွေတို့ရှိပါတယ်။ ပတ်ဝိုင်းကြီးရဲ့ ဘယ်ဘက်ခြမ်းမှာ တုံး (ဒုံး) လို့ခေါ်တဲ့ အသံမစုံ တူရိယာတွေရှိပါတယ်။ ‘ပတ်မချောင်’လို့ ခေါ်တဲ့အုပ်စုမှာ ပတ်မကြီး၊ စခွန့်၊ ခြောက်လုံးပတ်၊ အဲဒီနောက်နားက ‘အုပ်စုံတီး’ အုပ်စုမှာပါတဲ့ စည်တို၊ ဗျော၊ ပလုပ်တုတ်၊ စည်းနဲ့ဝါး၊ ဝါးလက်ခုပ်နဲ့ လင်းကွင်းကြီး၊ လင်းကွင်းလတ်တို့ကို နေရာချထားပါတယ်။


မြန်မာ့ဆိုင်းဝိုင်းကြီးရဲ့ အင်္ဂါရပ်များ

ဇာတ်ပို့ဆိုင်းပညာ နဲ့ ဗလာဆိုင်းပညာ၊ ဆိုင်းပညာရပ်နှစ်ခုမှာ တူညီသယောင်ယောင်နဲ့ ကွဲပြားတဲ့အချက်တွေ အများအပြားရှိပါတယ်။ ဇာတ်ပို့ဆိုင်းပညာ နဲ့ ဗလာဆိုင်းပညာ၊ ပညာနှစ်ရပ်စလုံးကို ကျွမ်းကျင်တဲ့ ဆိုင်းဆရာကြီးတွေရှိပေမယ့် အများအားဖြင့်တော့ ဗလာဆိုင်းဆရာတွေက ဇာတ်ပို့ဆိုင်းကို တီးနိုင်ဖို့ခက်ခဲတယ်လို့ မှတ်သားရဖူးပါတယ်။ ဇာတ်ပို့ဆိုင်းပညာက ဗလာဆိုင်းပညာထက်ပိုပြီး ခက်ခဲ နက်နဲတယ်လို့ ဆရာ့ဆရာကြီးများ ခေတ်အဆက်ဆက် ညွှန်းဆိုခဲ့ကြပါတယ်။ ပညာရပ်ချင်းမတူ ကွဲပြားတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဗလာဆိုင်းတီးကြတဲ့ ဆိုင်းဝိုင်းကြီး

ဗလာဆိုင်းမှာ ကောင်းနိုးရာရာ လက်စွမ်းပြတီးလုံးတွေ တီထွင်ပြီး လွတ်လွတ်လပ်လပ် တီးနိုင်တယ်။ ဆိုင်းနောက်ထ၊ ဆိုင်းမင်းသမီး စသဖြင့် ပါဝင်ဖျော်ဖြေလေ့ရှိပါတယ်။ တွဲဖက်ကပြတဲ့ ဇာတ်အဖွဲ့၊ ရုပ်သေးအဖွဲ့တွေမပါရင်တော့ အဲဒီဆိုင်းကို ဗလာဆိုင်းလို့ပဲ ခေါ်ပါတယ်။ ဗလာဆိုင်းတွေက ဆိုင်းတဖွဲ့နဲ့တဖွဲ့ ဆိုင်းအပြိုင်လည်း တီးတတ်ကြတယ်။

ဇာတ်ပို့ဆိုင်းကတော့ ဇာတ်ပွဲစပြီဆိုတဲ့ ‘ကရောင်း’ နှက်ချိန်ကစပြီး ပတ်စာခွာ ဖျာသိမ်းချိန်အထိ တိုင်အောင် တာဝန်ယူရပါတယ်။ ဇာတ်လမ်းအရ ထွက်လာတဲ့ဇာတ်ရုပ်နဲ့ ကိုက်ညီအောင် ဇာတ်ဝင်တီးလုံးကို ချက်ချင်း ကောက်တီးနိုင်ရသလိုပဲ ဇာတ်ရုပ်ဆိုင်ရာ အဝင်အထွက် ‘လေပြေထိုး’ ကိုလည်း မှန်မှန်ကန်ကန် အဆင်ပြေအောင် ထိုးရပါတယ်။ အဲဒီလို တီးမှုတ်တဲ့အခါမှာလည်း မဖြစ်မနေ လိုက်နာရတဲ့ သမားရိုးကျ စည်းကမ်းဥပဒေတွေ ရှိပါသေးတယ်။ ဇာတ်ပို့ဆိုင်းဆရာနဲ့ ဆိုင်းအဖွဲ့က အပို့ကောင်းရင် ကောင်းသလောက် ဇာတ်အဖွဲ့နဲ့ ဇာတ်ဆရာ၊ ဇာတ်မင်းသားတို့ ပိုပြီး ကောင်းလာတတ်ပါတယ်။

တီးမှုတ်ကပြကြတဲ့အခါ တဦးကိုတဦး ယိုင်းပင်း ဖေးမကူညီသွားကြပုံတွေက အံ့မခန်းလောက်စရာတွေရှိပါတယ်။ ပွဲကြည့်ပရိသတ်ထဲက အင်မတန် နားလည်ပါးနပ်သူ တချို့တလေက လွဲရင် အဲဒီလို ယိုင်းပင်း ဖေးမကူညီသွားကြတာမျိုးတွေကို မသိနိုင်ဖူးလို့ ဆိုပါတယ်။ အဲဒီအချက်တွေက မြန်မာ့ဇာတ်သဘင်မှာ တွေ့နိုင်တဲ့ ဂုဏ်ယူစရာ ရိုးရာယဉ်ကျေးမှုပါ။

အင်မတန်ကျယ်ဝန်းတဲ့ ဇာတ်ပို့ဆိုင်းပညာရပ်ရဲ့ ဥပမာတခုကိုပြရရင် ဇာတ်ပွဲကနေရင်း ဇာတ်မင်းသားက အမှတ်တမဲ့နဲ့ မူတည်သံမှားပြီး သီချင်းတပုဒ်ကို စ ဆိုမိတယ်ဆိုပါစို့။ ဆိုင်းဝိုင်းကြီးက တီးမယ့်အသံစဉ်နဲ့ မကိုက်ညီတော့တာကို သီဆိုသူမင်းသားက သိသိချင်းပဲ အသံမမီတဲ့ အခက်အခဲ တွေ့ရတော့တယ်။ ပရိသတ်ရှေ့မှာ မင်းသားကလည်း ဆက်ပြီးမဆိုနိုင်၊ ဆိုင်းဝိုင်းကလည်း ဆက်ပြီး မတီးနိုင်ဘဲ အရှက်ရတော့မလိုဖြစ်နေတယ်။ အဲဒီအခါ ဆိုင်းဆရာက ဆိုင်းပရိယာယ်နဲ့ အသံမှားနေတာကို အဆင်ပြေအောင် ဖျက်ချလိုက်ပြီး အသံမှန်ကိုရောက်ဖို့ လမ်းပြနိုင်လို့ အဆင်ပြေသွားတော့တယ်။ အင်မတန် သိမ်မွေ့တဲ့ပညာရပ်ပါပဲ။


မြေဝိုင်းဇာတ် နဲ့ ဇာတ်ပို့ဆိုင်းဝိုင်း

မြေဝိုင်းဇာတ်ပွဲခေတ်မှာ ဆိုင်းဝိုင်းကြီးက ပရိသတ်ဘက်ကို လှည့်ထားပါတယ်။ ဇာတ်ပွဲကပြသူတွေက ဆိုင်းဝိုင်းကြီးရှေ့မှာ ကကြတယ်။ ရုပ်သေးစင်ကတော့ အဲဒီကတည်းက စင်မြင့်ပေါ်မှာဆိုတော့ အမြင့်သဘင် လို့ခေါ်ပါတယ်။

ဇာတ်ပွဲကပြဖို့ ဇာတ်ခုံစနစ်ပေါ်လာတဲ့အခါမှာ ဇာတ်အဖွဲ့အပေါ်ရောက်သွားတော့ ဆိုင်းဝိုင်းကြီးက ပရိသတ်ကိုကျောပေးပြီး ဇာတ်ခုံဘက်ကို လှည့်ပါတယ်။ ဇာတ်ခုံပေါ်မှာကပြတဲ့ ဇာတ်အဖွဲ့ကို ‘အပေါ်’၊ ဇာတ်ခုံအောက်က ဆိုင်းအဖွဲ့ကို ‘အောက်’ လို့ ခေါ်ဝေါ်သုံးစွဲတတ်ပါသေးတယ်။ ဂရိတ်ဦးဖိုးစိန် လက်ထက်ကျတော့ ဇာတ်ခုံရဲ့ရှေ့တည့်တည့်မှာထားလေ့ရှိတဲ့ ဆိုင်းဝိုင်းကြီးကို ဇာတ်ခုံရဲ့ဘေးဘက်ကို ရွှေ့ပြောင်းထားလိုက်ပါတယ်။

အမြင့်သဘင် ခေါ် ရုပ်သေးစင်

ရုပ်သေးကြိုးဆွဲဆရာနဲ့ ရုပ်သေးရုပ်

အမေရိကန်ပြည်ထောင်စု အော်စတင်မြို့၊ တက်ဆပ်ပြည်နယ် တက္ကသိုလ်၊ မနုဿဗေဒဌာနက မနုဿဗေဒပါရဂူ မြန်မာနာမည် ကိုသူရ ခေါ် Dr Ward Keeler ဦးဆောင်တဲ့ မြန်မာ့ဇာတ်ပိုYဆိုင်းကို မှတ်တမ်းတင်မယ့်အဖွဲ့တဖွဲ့ မန္တလေးမြို့ကို ၂ဝဝ၅ ခုနှစ် ဇွန်လထဲမှာ ရောက်လာတယ်။ အဖွဲ့ဝင်တဦး ဖြစ်သူ စာရေးသူနဲ့အတူပါလာတဲ့ တခြားအဖွဲ့ဝင်တွေအားလုံးက အရှေ့တိုင်းအနုပညာနဲ့ ဘာသာရပ် ဆိုင်ရာ မနုဿဗေဒပါရဂူတွေ ဖြစ်ကြတယ်။ အနောက်တိုင်း ဒေသသားတွေဖြစ်ကြပေမယ့် မြန်မာ့ဂီတကို ထဲထဲဝင်ဝင် လေ့လာထားကြသူတွေပါပဲ။

မနုဿဗေဒပါရဂူ ကိုသူရ က မြန်မာဘာသာစကားကိုပါ လေ့လာထားလို့ မြန်မာလိုတော်တော်ပဲ ပီပီသသ ပြောနိုင်တယ်။ မြန်မာစာကို အတော်အသင့် ရေးနိုင် ဖတ်နိုင်တယ်။ မြန်မာ့မဟာဂီတဝင် သီချင်း တချို့ကို သီဆိုနိုင်ဖို့ စနစ်တကျ သင်ယူထားပါသေးတယ်။

မြန်မာ့ဇာတ်ပို့ဆိုင်း မှတ်တမ်းတင်အဖွဲ့

ဆရာလေး ဦးသန်းအောင် (ဘယ်အစွန်ဆုံး)၊ ကိုသူရ (ငါးဦးမှာ အလည်ကလူ)

မန္တလေးမြို့ ပန်တျာကျောင်း အကနည်းပြဆရာ၊ ဆရာလေးဦးသန်းအောင်က ဂီတ အနုပညာ အတွေ့အကြုံတွေနဲ့ အသိအမြင်ကြွယ်ဝစုံလင်ပြီး အပေါင်းအသင်း မိတ်ဆွေတွေများသူပီပီ၊ မန္တလေးမြို့ လေးပြင်လေးရပ်က ဆိုင်း၊ နှဲပညာကျော်တွေကို ရှာဖွေ ရွေးကောက် စုစည်းပြီး ဆိုင်းဝိုင်းကြီးတခုကို ဖွဲ့စည်း စီစဉ် ညွှန်ကြားပါတယ်။

ထူးခြားတာက အဲဒီဆိုင်းဝိုင်းကြီးမှာ ပတ်တီးခေါင်းဆောင် ဇာတ်ပို့ဆိုင်းဆရာကြီး စိန်ကျော်ဒင်၊ လက်ထောက် ပတ်တီးခေါင်းဆောင်နဲ့ ကြေးဝိုင်းတီးဆရာ ဦးအေး၊ မောင်းဆိုင်းတီးဆရာ ဦးသိန်းအောင် တို့ကိုယ်တိုင်က ကိုယ့်အဖွဲ့နဲ့ ကိုယ်စီကိုယ်စီ ပတ်တီးခေါင်းဆောင်တွေချည်းပါ။ ပတ်တီးခေါင်းဆောင် သုံးဦးတိတိပါတဲ့အပြင် နှဲဆရာကလည်း မန္တလေးမြို့က ထိပ်တန်းနှဲဆရာကြီးတဦးဖြစ်တဲ့ စိန်မြပို ဖြစ်ပါတယ်။ မောင်းဆိုင်းတီး ဦးစန်းလွင်၊ ပတ်မချောင်က ဒိုးတီး ဦးမြင့်အောင်၊ အုပ်စုံတီး ဦးစိုးမြင့်နဲ့ စည်းဝါးတီး ဦးသန်းဌေး တို့ကလည်း လက်ရွေးစင် ရွေးကောက်ထားသူတွေချည်းမို့ ကြုံတောင့်ကြုံခဲမျှ စင်တော်ကောက် ဆိုင်းဝိုင်းကြီးဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတဲ့အချက်က အဲဒီဆိုင်းဝိုင်းကြီးရဲ့ မူတည်သံပါ။ ရွာစားကြီးစိန်ဗေဒါ၊ ဦးဟန်ပ၊ ဦးဘမောင်တို့ခေတ်တွေတုန်းကလိုပဲ အဲဒီဆိုင်းဝိုင်းကြီးမှာ ‘တပေါက်-သံမှန်’ အဖြစ် ‘စီ’သံ ကိုသုံးဖို့ စီစဉ်ထားပါတယ်။ ဒီကနေ့ မြန်မာပြည်ထဲက ရှိရှိသမျှဆိုင်းဝိုင်းတွေမှာ ‘တပေါက်-သံမှန်’ အဖြစ် ‘စီ-ရှပ်’သံ ကိုသုံးစွဲနေကြပါတယ်။ အဲဒါကြောင့် ကြေးနောင်ဝိုင်း နဲ့ မောင်းဆိုင်းတွေကို ပြန်ပြင်ရပါတယ်။ တချို့ ကြေးနောင်လုံးတွေနဲ့ မောင်းလုံးတွေကိုလည်း အသစ်တွေလုပ်ကြရတယ်။ မန္တလေးမြို့က နှဲဆရာကြီး စိန်မြရှင် နဲ့ နှဲဆရာကြီး စိန်တာနောတို့ရဲ့ အကူအညီနဲ့ ‘စီ’သံစဉ်ကိုက် နှဲပလွေတွေကိုလည်း ရှာဖွေကြရပါတယ်။

ဇာတ်ပို့ဆိုင်းဆရာကြီး စိန်ကျော်ဒင် ရဲ့ ပတ်ဝိုင်းကြီး



ကြေးတီး ဦးအေး ရဲ့ ကြေးနောင်ဝိုင်း



မောင်းဆိုင်းတီး ဦးသိန်းအောင် ရဲ့ တိုးချဲ့တီထွင်ထားတဲ့ မောင်းဆိုင်း


နှဲဆရာကြီး စိန်မြပို ရဲ့ နှဲကြီး နဲ့ နှဲကလေး



ဒိုးတီး ဦးမြင့်အောင် ရဲ့ စခွန့်၊ ခြောက်လုံးပတ် နဲ့ ပတ်မကြီး၊



အုပ်စုံတီး ဦးစိုးမြင့် ရဲ့ စည်တို၊ ဗျော၊ လင်းကွင်းကြီး၊ လင်းကွင်းလတ်

စည်းဝါးတီး ဦးသန်းဌေး ရဲ့ စည်းနဲ့ဝါး

ဆရာလေးဦးသန်းအောင် ရှာဖွေစုစည်းထားတဲ့ ‘နောက်ပိုင်းဇာတ်’ အဆိုအက ပညာရှင်တွေ ကလည်း တကယ့်လက်ရွေးစင်တွေပါ။ ဇာတ်မင်းသားတွေဖြစ်ကြတဲ့ ပန်တျာထွန်းထွန်းနိုင်၊ မြို့တော်တင်ဝမ်း နဲ့ ကိုဖြူး၊ အဆိုပညာရှင်တွေဖြစ်ကြတဲ့ ရွှေဘိုတင်ဆောင်၊ မွန်မွန်အောင် နဲ့ မေမြတ်ကြည်တို့အားလုံးက သမားစဉ် ပိုင်နိုင်ပြီးသူတွေချည်းပါပဲ။

ရွှေဘိုမြို့နယ်က ရှားရှားပါးပါး ရှာဖွေခေါ်ယူထားရတဲ့ ရုပ်သေးစင် အဆိုပညာရှင်ကြီးတွေဖြစ်တဲ့ ရွှေဘိုတင်ဆောင် နဲ့ မေမြတ်ကြည် တို့ကတော့ ဇာတ်ကြီးငိုချင်းနဲ့ ရုပ်သေးငိုချင်း ကွဲပြားပုံကို ဆိုပြကြတယ်။ ရွှေဘိုတင်ဆောင်က ရှေးခေတ် ရုပ်သေးအဆိုတော်ကြီး ပုဂံသားမောင်ဘကျော်ရဲ့ ဂန္ဓဝင်မြောက် ဆဒ္ဒန်ဆင်မင်း ငိုချင်းရှည်ကို နားဆင်သူ ပရိသတ်အပေါင်းကို မဆိုထားနဲ့ ပညာရှင်အချင်းချင်းတွေကိုတောင်မှ မျက်ရည်ဝဲစေရအောင် ရင်ထဲကလာတဲ့အသံနဲ့ ဆိုပြသွားပါတယ်။

ဗုဒ္ဓသပြေ၊ ဒေဝသပြေ၊ ရာဇသပြေဆိုတဲ့ သပြေသုံးမျိုး၊ ကရောင်း၊ စည်တော်သံ၊ လှေတော်သံ၊ ဝေလာ၊ ချွတ်နင်း၊ နတ်ဒိုး၊ ဗိန်းဗောင်း၊ သစ္စာထားနှစ်ပါးသွား၊ ငိုချင်း အတို အရှည်၊ ငိုချင်းပုံစံနဲ့ ဆိုတဲ့ ဒွေးချိုး၊ လေးချိုး၊ တေးထပ်တွေနဲ့ နောက်ပိုင်းဇာတ်မှာသုံးတဲ့ လေပြေထိုး အမျိုးမျိုးကိုပါမကျန် ဇာတ်ပို့ဆိုင်းဝိုင်းကြီးက တီးမှုတ်တာ အံ့မခန်းစရာပါပဲ။

ဒီကနေ့ မြန်မာပြည်အတွင်းမှာ အတွေ့ရ၊ အမြင်ရ၊ အကြားရနည်းလာနေပြီဖြစ်တဲ့ မြန်မာ့ဇာတ်ပွဲ နောက်ပိုင်းဇာတ်ဝင်သီချင်းတွေနဲ့ သမားစဉ်ဇာတ်ပို့တီးလုံးတွေကို မန္တလေးပန်တျာကျောင်း အဆိုသင်တန်းဆင်း ဦးတင်ဦးရဲ့ မန္တလေးမြို့ စိန်ပန်းရပ်က နေခြည်စတူဒီယိုမှာ စနစ်တကျ မှတ်တမ်းတင် အသံသွင်းခဲ့ကြတယ်။

အခက်အခဲတွေအားလုံးကို ကျော်ဖြတ်အပြီး ငါးနှစ်တာကာလကြာမှ စီဒီဓာတ်ပြား နှစ်ချပ်တွဲကို The Classical Burmese Theatre Music/ Classical Theatre Music: Burma လို့ နာမည်ပေးပြီး ထုတ်ဝေနိုင်ခဲ့တယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ရိုက်နှိပ်ပြီး ထုတ်ဝေပါတယ်။

Classical Theatre Music: Burma CD Set Cover

www.vdegallo.ch

ဝမ်းနည်းကြေကွဲစရာကောင်းတာကတော့ ဒီဆောင်းပါးကိုရေးတဲ့ အခုအချိန်ဆိုရင် အဲဒီ ဇာတ်ပို့ဆိုင်းဝိုင်းကြီးမှာ ပါဝင်တီးမှုတ်သီဆိုခဲ့ကြတဲ့ ဇာတ်ပို့ဆိုင်းဆရာကြီး စိန်ကျော်ဒင် အပါအဝင် ဇာတ်ပို့ဆိုင်းအဖွဲ့သားသုံးဦး နဲ့ ဇာတ်မင်းသားတဦးတို့ ကွယ်လွန်သွားကြပါပြီ။ သူတို့ရဲ့နောက်ဆုံးလက်ရာ မြန်မာ့ရိုးရာအမွေအနှစ်ကို အချိန်မီ မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တော့ပါ။ ပါဝင်တဲ့ပညာရှင်တွေနဲ့ စီစဉ်သူအားလုံးကိုလည်း ကျေးဇူး အထပ်ထပ်တင်မိပါတော့တယ်။

မြန်မာ့ရိုးရာ ဇာတ်ပို့ဆိုင်းဝိုင်းကြီးရဲ့ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ် မြင်တွေ့ နားဆင်ခဲ့ရပြီး တစေ့တစောင်း လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သိကျွမ်းခဲ့ရတဲ့ ဇာတ်ပို့ဆိုင်း ပညာရှင်ကြီးတွေ၊ အဆိုပညာရှင်ကြီးတွေရဲ့ တီးမှုတ်ပုံ၊ သီဆိုပုံ၊ ပြောပုံဆိုပုံ ဟန်ပန်တွေကို ဘယ်သောအခါမှ မမေ့နိုင်တော့တဲ့ နှလုံးသားထဲက ခံစားချက်တွေနဲ့အတူ လွမ်းဆွတ်တမ်းတနေရပါပြီကောလေ။

“သည်ဆိုင်းတော် မဟာသိန်က

လွမ်းချိန်တန်ပါဘိလို့

မေသရီမယ် တရှိငယ်လေ

သာဘိညွှတ်နူး”

ဆိုင်းတော်ဖွဲ့ ခွာပြာသင်း ပတ်ပျိုး

မြဝတီမင်းကြီး ဦးစ

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) နိုင်ငံတော်မူ မဟာဂီတ၊ ပဉ္စမအကြိမ် ပုံနှိပ်၊ ဒီဇင်ဘာ၊ ၁၉၉၇

(၂) ဆောင်းပါး ခေါင်းစီးပန်းချီ၊ ပန်းချီအောင်စိုး

(၃) ဆိုင်းဝိုင်းတူရိယာ ဓာတ်ပုံများ၊ ရန်ဝင်း (တောင်တံခါး)

(၄) အင်တာနက်ကရတဲ့ ဆိုင်းဝိုင်းကြီးဓာတ်ပုံများ

(၅) www.wikipedia.org

Wednesday, January 12, 2011

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်


ဇန်န၀ါရီ ၁၁၊ ၂၀၁၁
(ဓာတ်ပုံ - ဖတ်စရာဂျာနယ် - ၄-၁-၂၀၀၅)
စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏသည် ယနေ့ နံနက် ၄း၂၀ နာရီက နေအိမ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။
၁၉၄၇ ခုနှစ်ဖွား မောင်ဝဏ္ဏသည် စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တို့၏ သားကြီးဖြစ်သည်။
မွေးချင်းများမှာ စာပေ နှင့် အနုပညာနယ်တွင် ထင်ရှားသည့် သုမောင်၊ မင်းလူ၊ ရူပ၊ အာယုတို့ ဖြစ်သည်။
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းထွက် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ရှိစဉ် ၁၉၆၈ ခန့်က ဒဿနိကဗေဒဌာနထုတ် အတွေးအခေါ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော "ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး" မှာ သူ၏ ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သည်ဟု သိရသည်။
ထို့နောက် ရှုဒေါင့်၊ ပြည်သူ့ကြယ်၊ မိုးဝေ၊ ရှုမ၀ စသည့် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။
လုံးချင်း ၀တ္ထုပေါင်း ၂၀ ခန့် ရေးသားခဲ့သူ၊ မောင်စိန်သောင်း မနှင်းရည် မဂ္ဂဇင်းဝတ္ထုတိုများ ဖြင့် ထင်ရှားခဲ့သူ မောင်ဝဏ္ဏ၏ ပထမဆုံး ပုံနှိပ် ၀တ္ထုတို "လေထဲက အိပ်မက်ကလေး" ကို ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ရုပ်ရှင်ရိုက်နေစဉ် စိတ်ကူးပေါ်လာပြီး ထိုဝတ္ထုတိုကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ပေဖူးလွှာမဂ္ဂဇင်း (၁၉၈၂ နိုဝင်ဘာ) အင်တာဗျူးတွင် ဆရာ မောင်ဝဏ္ဏက ပြောပြခဲ့သည်။
ပထမဦးဆုံး ရိုက်ကူးခဲ့သည့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ ညီဖြစ်သူ မင်းလူ၏ ၀တ္ထုကို ရိုက်ကူးထားတဲ့ ခုနှစ်စဉ်အလွမ်း စသည့် ဇာတ်ကား တို့ဖြင့် အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ၂ ကြိမ် ရခဲ့သည်။
ဝတ္ထုများကို ရုပ်ရှင်အဖြစ် ဖန်တီးရာတွင် မူရင်း မပျက်စီးစေရန် ရုပ်ရှင်အတတ်ပညာဖြင့် ပြောင်းယူရသည်ဟု မောင်ဝဏ္ဏက ပေဖူးလွှာမဂ္ဂဇင်း အင်တာဗျူးတွင် ပြောပြခဲ့သည်။
"ဒီဆရာတယောက်ရဲ့ အတွေးအခေါ်ကို သိနိုင်ဖို့ရာ ရုပ်ရှင်ရိုက်မယ့် ၀တ္ထု တစ်ပုဒ်တည်းကိုပဲ ဖတ်တာထက် သူရေးခဲ့တဲ့ အခြား ၀တ္ထု လေးငါးပုဒ်လောက် ဖတ်ဖို့ လိုပါတယ်။ ဖတ်လိုက်တဲ့အခါမှာ သူ့အယူအဆ၊ အတွေးအခေါ်ကို ရိပ်မိလာပါလိမ့်မယ်။ အဲဒီအခါကျတော့ ဒီစာရေးဆရာ ပြောချင်တဲ့ သဘော ရောက်အောင် ရုပ်ရှင်အတတ်ပညာနဲ့ လုပ်ယူရပါတယ်" ဟု သူက ဆိုသည်။
မောင်ဝဏ္ဏသည် ၁၉၇၆ တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ကြောင်း "နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများ နှင့် စာစုစာရင်း" စာအုပ်တွင် ဖော်ပြထားချက်အရ သိရသည်။
myanmarbookshop.com တွင်လည်း မောင်ဝဏ္ဏအကြောင်းကို ဖတ်ရှုနိုင်သည်။

မောင်ဝဏ္ဏ

Monday, 10 January 2011
စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ

ဂျူနီယာဝင်း

ဇန်န၀ါရီ ၁၁၊ ၂၀၁၁

(Maung Wunna & his Wife seen together at U Pe Thein's home, 2008 - Photo by Junior Win)
ဆရာ့ကို ကျွန်မ စတင်မြင်ဘူးခဲ့တာက ကာတွန်းဆရာကြီး ဦးဖေသိန်းမွေးနေ့မှာပါ။ ဆရာက ကျွန်မကို

“မင်းရေးတဲ့ အဲလစ်စာအုပ်ကို မင်းလက်မှတ်ထိုးပြီးပေးမှ ယူမှာကွ။ ဒီအတိုင်း မယူဘူး။” လို့ပြောခဲ့တယ်။ အဲသည်စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မသိတယ်။

ကျွန်မကလည်း “ပေးပါ့မယ်” ပေါ့။

ဆရာဘေးက ဆရာဇနီးနဲ့ နှူတ်ဆက်ရင်း

”မောင်စိန်သောင်း မနှင်းရည်” ၀တ္ထုတိုများကို ကြိုက်နှစ်သက်ကြောင်း ပြောဖြစ်ခဲ့ပါတယ်။

ဆရာ့ရဲ့ ရုပ်ရှင်ကားများကိုတော့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင်လတ် အသည်းစွဲခဲ့ပုံကတော့ အခုထိ ကျွန်မ မိဘများ ပြောနေဆဲပါ။

“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ရုပ်ရှင်က ကျွန်မတို့မမွေးခင်က မြန်မာပြည်မှာ ပြခဲ့ပါတယ်။ အဲသည်ကားကို ကြိုက်လွန်းလို့တဲ့ ဘဘကြီးက သူ့တပည့်များကို မြေနီကုန်း ရုပ်ရှင်ရုံတစ်ရုံရဲ့ DC (Dress Circle) လို့ ခေါ်တဲ့ အပေါ်ထပ် တစ်ထပ်လုံးကို ငှားပြီး ခေါ်ပြသတဲ့။ ကျွန်မမိဘများလည်း မနေရပါဘူး။ ဖေဖေနဲ့ မေမေကလည်း ကြိုက်ကြောင်း ပြောကြပါတယ်။ ဘဘကြီး ဘယ်လောက်တောင် ကြိုက်သလဲဆိုတာ။ ကျွန်မတော့ မကြည့်ဖူးခဲ့ပေမယ့် ဘဘကြီးရဲ့ အသည်းစွဲရုပ်ရှင် ဆိုတာ ပြောပြောနေတာနဲ့ ကြားဖူးနေပါတယ်။

ကျွန်မသိခဲ့ဖူးတဲ့ ရုပ်ရှင်ကတော့ “ချစ်တဲ့သူငယ်လေ”၊ “ပန်းတွေနဲ့ ဝေ”တို့ ပါပဲ။ အမှန်ပြောရရင် အဲသည်ကားများကို ကျွန်မဦးလေး တက္ကသိုလ်ကျောင်းသားများ အလွန်နှစ်သက်ကြတယ် ဆိုတာကိုတော့ မှတ်မိနေခဲ့တယ်။ ကျွန်မ ကြည့်ခဲ့ဖူးသလောက် မှတ်မိသလောက် စဉ်းစားမိသလောက်ကတော့ ကျောင်းသွားတဲ့ သစ်ပင်တွေအောက်က လမ်းတစ်လျောက်မှာ မင်းသားနဲ့ မင်းသမီး မေ၀င်းမောင်နဲ့ မောင်ရူပ လမ်းလျောက်တာ၊ ကျောင်းသွား ကျောင်းပြန် လုပ်ကြတာတွေတော့ မြင်နေတယ်။ အဲသည်တုန်းက ပျင်းလိုက်တာမှ။ ကျွန်မဦးလေးကတော့ ဘယ်လောက် အဓိပ္ပါယ်ရှိကြောင်းတွေ ပြောနေလေရဲ့။ ကျွန်မတို့က သိပ်ငယ်သေးလို့ ထင်ပါရဲ့။ အဲ … ပျင်းတာပဲ မှတ်မိတော့တယ်။

မှတ်မိသလောက်ပြောရရင် ဆရာရိုက်တဲ့ “ဓါတ်ခဲ” ဆိုတဲ့ ရုပ်ရှင်ကားဟာ မြန်မာပြည်မှာ Best Audience ရခဲ့တယ်။ စာရေးဆရာ ဦးသုမောင် အိမ်ကိုလာတုန်းက ပြောတာ မှတ်မိနေတယ်။ အဲသည်ကားက အရမ်းအောင်မြင်ခဲ့တာ မောင်ဝဏ္ဏတစ်ယောက် ဒီပရက်ရှင် ဖြစ်သွားသတဲ့။ ဒိလောက် ငွေရေးကြေးရေးအရ အောင်မြင်တယ်။ ပရိသတ်တွေကလည်း အားပေးလိုက်တာမှ။ ရုံပေါ်ကနေ အပတ်ပေါင်းများစွာ တင်ထားရတယ်။ ဒါတောင် ပရိသတ်က အားမရသေးဘူး။ ဒါလောက် လျှမ်းလျှမ်းတောက် ဖြစ်တာကို ဒီပရက်ရှင် ဘာကြောင့် ဖြစ်၇သလဲ။ ဒါကိုတော့ အနုပညာသည်များသာလျှင် နားလည်ပေလိမ့်မယ်။

“ခုနှစ်စဉ်အလွမ်း” ကိုတော့ အရမ်းကြိုက်တယ်။ အကယ်ဒမီရတယ် ဆိုတော့လည်း ၀မ်းသာမိတယ်။ သုမောင် မင်းလူ မောင်ရူပ စတဲ့ ညီအကိုများ ပါဝင်ထားတဲ့ရုပ်ရှင်တကားအဖြစ် အမှတ်တရဖြစ်ခဲ့ရပါတယ်။

အမှန်ပြောရရင် မောင်ဝဏ္ဏဆိုတာကို စာရေးဆရာအဖြစ်နဲ့ ပိုပြီး သတိထားမိခဲ့တယ်။ ဆရာရေးတဲ့ ၀တ္ထုများဟာ မဂ္ဂဇင်းကို လှန်လိုက်တိုင်း မောင်ဝဏ္ဏဆိုတဲ့ အမည်တွေ့တာနဲ့ အရင်ဆုံးကောက်ဖတ်ချင်ရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ စာရေးဆ၇ာပဲဆိုတာအမှန်ပါပဲ။ တော်တော်လေး အနှစ်သက်ဆုံးထဲမှာ ပါပါတယ်။ ဆရာရေးတဲ့ အချစ်ဝတ္ထုများကို သိပ်ကြိုက်ခဲ့ရပါတယ်။ ဆရာ့ရဲ့ရေးတဲ့စတိုင်ဟာ သဘာဝကျတယ်။ ပေါ့ပါးတယ်။ ပြီးတော့ အဆန်းထွင် လုပ်ဇာတ်များ မပါဘူး။ ရိုးစင်းတဲ့ အချစ်ဇာတ်လမ်းများနဲ့ မောင်စိန်သောင်း မနှင်းရည်ဝတ္ထုများလို အိမ်ထောင်ရေး ဇာတ်လမ်းများဟာလည်း အင်မတန် ဖတ်လို့ ကောင်းခဲ့ပါတယ်။

အထူးသဖြင့် Dialogueတွေမှာ ဆရာဟာ အလွန်ပိုင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ ဆရာတို့ရဲ့ဖခင်ကြီး ဦးသာဓုရဲ့ သွေးတွေ စီးဆင်းနေလို့ပဲပေါ့။

ဆရာ ကွယ်လွန်တယ် ဆိုတော့ ဒါတွေကတော့ ခေါင်းထဲမှာ ပေါ်လာတာတွေပါ။ ဆရာ့ရဲ့ ပရိသတ်တစ်ယောက် အနေနဲ့ ခံစားမိတာတွေပါပဲ။

အနုပညာသည်စစ်စစ်တယောက် ဆိုတာရဲ့ အဓိပ္ပါယ်ဘာလဲ ဆိုတာပြခဲ့တဲ့ ဆရာ့ကို မမေ့တော့ပါဘူး။ ဆရာ ကောင်းမွန်ရာကို ရောက်ပါစေ။

(Junior Win Blog မှ တဆင့် ကူးယူဖော်ပြပါတယ်)

Wednesday, December 8, 2010

ဂျူး ၏ ဝတ္ထုတို

ဆရာမ ဂျူး ရဲ. ဝတ္ထုတိုလေး တစ်ပုဒ် ကြိုက်နှစ်သက်လို. ခွင်.မတောင်းဘဲ ကူးယူဖေါ်ပြလိုက်ပါတယ်။ ကျွန်တော်တို.လဲ မှိုင်းပြည်.နေတဲ. မီးပုံးပျံတွေ အခါခါ လွှတ်တင် နေကြတာပါ။ အခြေအနေ အချိန်အခါ အားလုံးပြည်.စုံသွားရင်တော. မျှော်လင်.ထားတဲ.လမ်းကြောင်းမှန်ပေါ်မှာ လှပတဲ.မီးရှုးမီးပန်းတွေနဲ. အမြင်.ဆုံးထိမလွဲမသွေ ရောက်ရမယ်လို. ယုံကြည်ထားပါတယ်။
အားလုံးကိုကျေးဇူးတင်လျှက်

ညမီးကျီး


အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ သတိပေး ကြေညာလိုက်၏။“အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ “ညမီးကျီး” ဖြစ်ပါတယ်”လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကား ကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်း စူးရှ သိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင် ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စောက မှတ်ချက်ချမိသည်။ စောအနီးမှာ ရပ်နေသော စောယောက်ျားသည် မီးပုံးပျံများ စောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံ မရ။ ၁၅မိနစ်တစ်ခါလောက် လက်ပတ်နာရီကို ကြည့်ကြည့်နေ၏။

“အမြင့်ပေ ၆၀၊ ထိပ်ဝအကျယ် ၂၅ပေ ရှိပါတယ်။ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန်ကတော့ ပိဿာ ၄၀ တိတိ ဖြစ်ပါတယ်”

ပရိသတ်က ဝေါခနဲ အာမေဋိတ်သံ ပြုလိုက်ကြသည်။ ယမ်းပိဿာချိန် များသည့်အခါ ထိုမီးပုံပျံကြီး ကောင်းကင်မရောက်မီ ပေါက်ကွဲခဲ့သော် ရရှိလာမည့် အန္တရာယ်သည် တော်တော်ကြီးမားမည် ဖြစ်သည်။

“ကုန်ကျစရိတ် စုစုပေါင်း ကျပ်နှစ်သိန်းတိတိ ဖြစ်ပါတယ် ခင်ဗျာ”အဲသည် ကုန်ကျစရိတ် ကျပ်နှစ်သိန်းရှိပြီး ယမ်းပိဿာချိန် ၄၀ရှိသော မီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။ မီးပုံးပျံကြီး မှိုင်းဝအောင် မီးရှို့ မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖြေဖျော်ရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည် ဗုံမောင်းများ တီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။

စောသည် ပျော်ရွှင်စွာ တီးမှုတ်နေသူများ၊ မှိုင်းတိုက်နေသူများ၊ အလုပ်ရှုပ်စွာ တက်ကြွနေသူများကို ခြေဖျားထောက်ကာ လူအုပ်နောက်မှ ကဲကြည့်ရင်း အံ့သြနေသည်။ သြော် ငွေနှစ်သိန်းကို လှလှပပ မီးရှို့ပြဖို့ လူအင်အားတွေ၊ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ၊ သူတို့ ဘာအတွက် လုပ်နေကြတာလဲ၊ အနုပညာ သက်သက်ပဲလား၊ သူတို့ အတ္တ၊ သူတို့ ဂုဏ်သိက္ခာအတွက်လည်း ပါမှာပေါ့လေ။ ဒါဟာ တစ်နည်းအားဖြင့် Performance Art တစ်မျိုးပဲ။“စော ပြန်ကြဖို့ ကောင်းပြီ ထင်တယ်၊ နှစ်နာရီ ထိုးနေပြီ”“ခဏလေး... ဒီတစ်လုံး ကြည့်ပြီးရင် ပြန်မယ်”

သူ့ကို “မောင်” ဟူသော အသုံးအနှုန်းဖြင့် ဆက်ဆံလို့ မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊ သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်း မမှတ်မိတော့ချေ။ သူ့အတွက် စောသည် လူသားတစ်ယောက် အတွက်မဟုတ်တော့ဘဲ ဇနီးအဖြစ် ထီထွင်ခံရသည့် စက်ရုပ်တစ်ခုသာ ဖြစ်တော့သည်။ လိမ္မာယဉ်ကျေး ပြနေသည့် စက်ရုပ်ကလေး တစ်ခုဖြစ်သည်။ တစ်ခါတုန်းက အဲသည့် စက်ရုပ်သည် ချစ်မြတ်နိုးတတ်၊ ကြင်နာတတ်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။

ညသန်းခေါင်ကျော် ကာလ၊ အမှောင်ထု သိပ်သည်းနေဆဲ အချိန်မှာ စောသည် သူမယောက်ျားအား စေ့စေ့စပ်စပ် မော်ကြည့်လိုက်မိသည်။ စော သူ့ကို ဘာတွေ ချစ်မိခဲ့တာလဲ။ သူ့မျက်နှာမှာ၊ သူ့ ဟန်အမှုအရာမှာ စောချစ်ချင်စရာ ဘာမှကို ရှာမတွေ့ချေ။ စော ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ ဟုတ်ပြီ။ သူ့အမှုအရာ အကျင့်ကရော၊ ဇနီးအပေါ်ထားသည့် စိတ်သဘောထားကရော။ Bull Shit! လို့ ပြောရမလား၊ Damn it! လို့ ပြောရမလား။ ဘယ်စကားလုံးက ပိုယဉ်ကျေးပါလိမ့်။

“ဘာရယ်တာလဲ စော”သူမ ပို၍သာ ရယ်မိပြီး မီးပုံးပျံဆီသို့ အကြည့် ပြန်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်း ပီပြင်လာပြီ။ တဖြည်းဖြည်း ဖောင်း၍ ဖောင်း၍လာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတစ်ဆင့် လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်၊ မပန်းနိုင် က ဆဲ၊ တီးသူတို့ကလည်း တီးဆဲ၊ အိုးစည်သံနှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့် စိုးမိုးထားသည်။

စောသည်ကို ရောက်စက အင်းသားနှင့် ပအိုဝ့်ကို မခွဲခြားတတ်ပေ။ အ၀တ်အစားအရ သော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရ သော်လည်းကောင်း၊ အကဟန် အရ သော်လည်းကောင်း အနည်းငယ် ကွဲပြားကြောင်း လေး ငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စောအတွက် စိတ်ဝင်စားစရာချည်း ဖြစ်နေ၏။

“ပအိုဝ့်လေးတွေ လက်ချိုးတာက ဟောဒီလို ဟောဒီလို၊ သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့် ပွဲကို ရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ က ကြည့်တော့ သူမယောက်ျားက သူ့ကို ပြုံးမဲ့မဲ့ဖြင့် ရိသေး၏။

“စော .... မင်း ကိုယ့်ကို မယူဘဲ ပအိုဝ့်တစ်ယောက်ကို ယူခဲ့ဖို့ ကောင်းတယ်လို့ တွေးနေပြီ မဟုတ်လား”တွေ့လား၊ စော သူ့ကို မနှစ်မြို့ရခြင်း အကြောင်း အကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့် အကြောင်းလည်း တစ်ခု အပါအ၀င်ဖြစ်သည်။ အမယ်.... သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမဲ့ သူ့ကို ရိသလိုလို ပြောလျှင် မချိအောင် နာကာ ဒေါပွတတ်သေး၏။

“ပအိုဝ့် တစ်ယောက်ကို ယူတာ မယူတာ အသာထားလိုက်ပါလေ၊ ရှင့်ကိုတော့ ကျွန်မ ယူကို ယူခဲ့ဖို့ မကောင်းတာ အမှန်ပဲ”

ထိုစကားကို မျက်နှာထား တည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာမည်းခနဲ မှောင်သွားတာ အကြာကြီး၊ သူ့စိတ်ကို သူ ထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက် ပြုံးချင် မပြုံးချင်

“အခုတော့ မင်းနောက်ကျသွားပြီ” ဟု အထက်စီး လေသံဖြင့် ပြောလေသည်။စောလေ .... သူ့ကို မုန်းလိုက်တာ၊ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။

“ထင်သလား၊ နောက်မကျသေးပါဘူး”

ဟုတ်ပါသည်။ အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု နှစ်နှစ်၊ သုံးနှစ်အတွင်း သူမ အချိန်ယူ စဉ်းစားပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့် မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက် အနာတရ ကြီးကြီးကျယ်ကျယ် မဖြစ်ဘဲ လှပစွာ၊ သိမ်မွေ့စွာ ဘယ်လို အဆုံးသတ်ပစ်ရမလဲ ဟူသည့် အကြောင်းပင်ဖြစ်သည်။

“လေက အရှေ့တောင် အရပ်ကနေ အနောက်မြောက် အရပ်ကို တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပွဲကြည့် ပရိသတ်များ ခင်ဗျား၊ အနောက်မြောက် အရပ်မှာ မနေကြပါနဲ့ ခင်ဗျား၊ မီးပုံးပျံ မှိုင်းဝနေပါပြီ ခင်ဗျား”

စောတို့ ရပ်နေရာ အရပ်မှာ တောင်အရပ် တည့်တည့်ဖြစ်သည်။ အန္တရာယ် ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက် အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည်လိုတော့လဲ တွက်လို့ မရနိုင်ပါ။ အခုမှ မီးပုံးပျံက မှိုင်းဝကာ ရုပ်လုံး ပီပြင်သွာ တက်ဖို့ အရှိန်ယူနေဆဲ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် အရပ်မျက်နှာ ပြောင်းကာ တိုက်ချင် တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ ကျွန်မတို့ ရပ်နေရာသည် အန္တရာယ်ဇုန် ဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။

“ရွှေအင်းသား မှိုင်းဝနေပါပြီ ခင်ဗျား။ တက်လာပါတော့မယ် ခင်ဗျား၊ ယမ်းပိဿာချိန် လေးဆယ်တိတိ ဖြစ်ပါတယ် ခင်ဗျား၊ မီးပုံးပျံ လမ်းကြောင်းမှာ မနေကြပါနဲ့ ခင်ဗျား”

ယမ်းပိဿာချိန် ၄၀ သာ ပေါက်ကွဲလိုက်လို့ကတော့....။ စောပုခုံးလေး ကျုံမိ၏။ ဈေးဆိုင်တန်းများဆီမှ အသားကင် ရနံ့သည် ကွင်းပြင်ဆီသို့ လွင့်လာပြန်သည်။ ဆိုင်းတန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေ နည်းနည်း ကျဲသွားပြီ။ ဒါပေမဲ့ နံနက် နှစ်နာရီထိအောင် စားသောက်သူများ ရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျား များပြားလှသော ဈေးဆိုင်တန်းကြီးကကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုဈေးဆိုင်တန်းကို ထောင့်ဖြတ် ဖြတ်ယူရသည့် အချိန်တုန်းက စော၏ ခြေထောက်တို့သည် မြေနှင့် ထိတစ်ချက် မထိတစ်ချက် ဖြစ်နေခဲ့သည်။ ဆိုင်တန်း မျက်နှာစာကို ကြည့်ပေမဲ့ မမြင်ရ။ ဘေးမှာ ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲဈေးတန်းလျှောက် ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊ မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်း လူချောင်သည့် ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။

အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံ စောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ ဓလေ့ထုံးစံပဲနှင့် တူသည်။ စောအနေဖြင့် ချမ်းစိမ့် တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့် ကော်ဖီခါးခါး မွှေးမွှေးလေး တစ်ခွက်တော့ သောက်ချင်သား။ သို့သော် ဆိုင်တန်းဆီ သွားနေတုန်း သည်မီးပုံးပျံ ကောင်းကင်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်း စိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီခွက်၏ အပူကို တစ်ကိုယ်လုံး စိမ့်ဝင် နွေးထွေးသွားအောင် ခံစားရင်း၊ လမ်းလျှောက်ရင်း သို့မဟုတ် မတ်တပ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။ သူမ၏ အတွေးကို မဟုတ်သေးဘူး ဟု သိ၏။ တောင်ကြီးလို သန့်ရှင်းသပ်ရပ်သည့် မြို့မှာတော့ ကိစ္စမရှိပါ။ တစ်ခြားသာမန်မြို့ကြီးတွေမှာတော့ ပြန်ဆေးယူရသည့် ကြွေခွက်တွေ၊ ဖန်ခွက်တွေနှင့် ကော်ဖီ လက်ဖက်ရည် ရောင်းနေလျှက်သားနှင့် အမှိုက်တွေ၊ ဘူးခွံတွေနှင့် ညစ်ပတ်ရှုပ်ပွ နေခဲ့ပြီးပါပြီ။ သူမဆန္ဒရှိသလို ကော်ဖီကို တစ်ခါသုံး စက္ကူခွက်ဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း၊ အလုပ်လုပ်ရင်း သောက်နိုင်ဖို့ စက္ကူခွက် ယဉ်ကျေးမှုတစ်ခု ခေတ်စား အသုံးများလာခဲ့လျှင် အပုံလိုက် အပုံလိုက် ဖြစ်လာမည့် တစ်ခါသုံး စက္ကူခွက်တွေကို မြင်ယောင်ကြည့်မိသည်။ မနည်း မနောရှိမှာပဲ။

အိုးစည် ဗုံမောင်းသံက ပို၍ ပို၍ ကျယ်လောင် မြိုင်ဆိုင်လာသည်။ လူတွေ ပို၍ ပို၍ တိုးဝှေ့လာကြသည်။ မီးပုံးပျံ စတင်တက်နေပြီ။ အားပါးတရ အော်ဟစ်သံဖြင့် တစ်ခဏ ဆူညံသွား၏။

“တို့ အင်းဆားကွ”“အင်းသား” ဟု အသံမထွက်ဘဲ “အင်းဆား” ဟု ခပ်ဝဲ၀ဲ အသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏ အောက်မှာ စနစ်တကျ ချိတ်ဆွဲထားသော ယမ်းခွက် အမျိုးမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော သစ်လုံးကြီးများအား မီးစွဲလောင်နေ လျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေ ရွစိရွစိ ဖြစ်နေကြသည်။

မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားဖို့ သူတို့အားလုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြ ပြီးပြီ။ ကျန်သည့် အပိုင်းကတော့ ကံကြမ္မာ၏ အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ တစ်လက်မချင်း တစ်လက်မချင်း သယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။

လေ၏ အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သား အားလုံးကတော့ မီးပုံးပျံ လွှတ်တင်ခြင်း အတတ်ပညာအရ တည့်တည့်မှန်မှန် တက်အောင် ထိန်းချုပ် လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတစ်ခု ချွတ်ချော်ပြီး ကောင်းကင်သို့ မတက်ဘဲ မီးလောင်ပျက်စီး သွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်း အတူတူဆိုလျှင် “ ညမီးကျီး” အမျိုးအစား မီးပုံးပျံက မီးလောင်လျှင် ယမ်းပိဿာချိန် များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။ ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။

အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခု ကွဲပြား၏။ တစ်ခုက “ စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက် မီးပုံးပျံ အမျိုးအစား၊ နောက်တစ်ခုက “ညမီးကျီး” ဟုခေါ်သော မီးရှူးမီးပန်း ဖောက်သည့် အမျိုးအစား။

စော၏ ယခု နှစ်ည သုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရ ပြောရလျှင် “ညမီးကျီး” မီးပုံးပျံက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။ သူက ကောင်းကင်အမြင့်သို့ ရောက်သောအခါ တစ်ဆင့်ပြီး တစ်ဆင့် အမျိုးမျိုး ကွဲပြားစွာ၊ လှပစွာ ပေါက်ကွဲပြလေသည်။

ဘေးပတ်ဝန်းကျင် လေထုထဲ၊ အမှောင်ထဲသို့ တည့်တည့်ထိုးဖောက်ဖြာထွက်သော မီးရှုးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ငါးကလေးတွေ ရေမှာ လွန့်လူး ကူးခတ်သလို လှစ်ခနဲ လှစ်ခနဲ ဖြာထွက်သော မီးရှူးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ခိုကလေးတွေ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာ ဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက တစ်ဆင့်။ ကောင်းကင်သို့ တောက်ပသော မီးပုံးပျံကြီး တက်နေသည့် အချိန်အတွင်း နောက်ထပ် ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သော မီးရှူးမီးပန်း လှလှများ၏ ပုံစံအမျိုးမျိုး၊ လှပဆန်းကြယ်မှု အမျိုးမျိုးကို စုစည်း ရောနှောကာ မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။

အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျ လှပစွာ ပေါက်ကွဲအောင် တွက်ချက်ပြီး တပ်ဆင်ယူရသည့် အတတ်ပညာကလည်း တော်တော် ချီးကျူးဖို့ ကောင်းပါသည်။

“လေကြောင်း ပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ။ မီးပုံးပျံရဲ့ အောက်တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား”

မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျှက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏ အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့် စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွက်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား၊ လွတ်ရာကို ရွှေ့ပေးကြပါ ခင်ဗျား”

မီးပုံးပျံကြီးဆီမှ အုန်းခနဲ ပေါက်ပွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝေါခနဲ အော်ဟစ်သံများ ကြားရသည်။ စော၏ ဘေးနားက လူတွေ အထိတ်တလန့် ပြေးရာ၊ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီး ရွေ့သွားသည်။

“စော”သူ့အသံသည် အထိတ်တလန့် အော်ဟစ်နေသော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညင်သော မြေပြင် မဟုတ်။ အနည်းငယ် စောင်းနိမ့်သွားသော ဆင်ခြေလျှော မြေပြင်ဖြစ်သည်။ ထို့ကြောင့် ပြေးလွှားရင်းမှ အရှိန်မထိန်းနိုင်ဘဲ စော တစ်ချက် ခြေခေါက်ကာ လဲကျသွားသည်။ လူတွေသည် စော၏ ခြေတွေ၊ လက်တွေပေါ်သို့ အမှုမဲ့ အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှု ပေါင်းစပ်ကာ လဲရာမှ ဇွတ် ထ ထိုင်ဖို့ ကြိုးစားဆဲ လက်တစ်ဖက်က စော၏ ပုခုံးမှ ဆွဲညှစ်ကာ ထူမပေးလိုက်သည်။

“ကျေးဇူး....”ကျေးဇူးတင်စကား ဆိုဖို့ အာရုံသိစတ်ဖြင့် စကား စလိုက်ပေမဲ့ ထိုသူက စောကို လက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီး အကာအကွယ် ပေးလိုက်သဖြင့် စကားစ ပြတ်သွားသည်။ ရုတ်ရုတ်သဲသဲ လူအုပ်ကို ရှောင်ရင်း၊ မတ်မတ်ရပ် တွန်းခံရင်း အမှောင်တစ်ဝက်၊ အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏ မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ့်လား။ တောင်ပေါ်တိုင်းရင်းသား လူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”ထိုစကားကို သူကြားပုံ မရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်း ဆွဲဆုပ်ထားမိသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံးပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ ၁၀၀ - ၂၀၀ မှာ ပေါက်ကွဲ ပျက်စီးခြင်းဖြစ်၍၊ မီးတောက်မီးလျှံများ နေရာအနှံ့မှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာ မရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံ့များ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့် မှောင်နေ၏။

နောက်ထပ်ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏ လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီ လွင့်စဉ်လာနိုင်ဖွယ် မရှိသော မီးစ၊ ယမ်းစများကို ကာကွယ်ဟန်ဖြင့် လက်ကို မျက်နှာရှေ့မှာ အမှတ်မဲ့ ကာလိုက်လေသည်။ ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။

“သွားပြီကွာ”လူငယ်သည် ရွှေအင်းသား အဖွဲ့ထဲမှ ဟုတ်ဟန်တော့ မတူပါ။ သို့သော် မီးပုံးပျံကြီး ပေါက်ကွဲ ပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ရှိသည်။

“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင် တက်သွားလို့ကတော့ ကြည့်လို့ ကောင်းလိုက်မယ့် မြင်ကွင်း... ”စော၏ အနီးမှာ အားရပါးရ ညည်းညူလိုက်သံ တစ်ခုကိုလည်း ကြားရသည်။ ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ ကင်းလွတ်ခဲ့ပြီ။ စိတ်ဆင်းရဲမှု၊ အားမလို အားမရဖြစ်မှုတို့နှင့် မီးပုံးပျံကြီးအား တဖွဖွ တ သ နေကြသည်။ ကံအားလျော်စွာ မီးလောင် ပေါက်ကွဲမှုသည် ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့်၊ ပရိသတ်ထဲမှ အသေအပျောက် လုံးဝ မရှိခဲ့ဘဲ မီးဟပ်သူ၊ ဒဏ်ရာရသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။

“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှ တက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါပဲ၊ မျှော်လင့်တိုင်း မရကြပါဘူး” တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံ ကြားရသည်။

သို့သော် ပွဲကြည့်စင် အခြေမှာတော့ အသံထွက် ငိုကြွေးနေသူ တစ်ယောက်ရှိသည်။

“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”

ငိုကြွေးနေသည့် လူငယ်လေးဘေးမှ ခြေပစ်လက်ပစ် ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။

“တစ်ခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊ စိတ်ကို ဖြေပါ”

ယောက်ျား ခပ်လတ်လတ် တစ်ယောက်က ငိုနေသော လူငယ်၏ ပုခုံးကို ပုတ်သည်။

“တစ်ခါတလေ ဟုတ်လား။ တစ်နှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ ဘယ်နေရာမှ မပါခဲ့ဘူး”

“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”မကျေမနပ် ရေရွတ်သံကို ကြားရသည်။ စောသူု့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်။ နောက်နှစ်ဆိုတာ ရှိပါသေးတယ်။ အေးလေ... နောက်နှစ်အထိ အခြေအနေ ပေးလာခဲ့သေးရင်ပေါ့။ စောသူ့ကို ငေးစိုက်ကြည့်နေမိသည်။ မျှော်လင့်ချက်တွေ ပြိုကွဲ ပျက်စီးသွားသူ တစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ။

“စော”

သူမ ယောက်ျား၏အသံ။ သူမ လှည့်ကြည့်လိုက်သောအခါ လူတွေကြားထဲမှာ တိုးဝှေ့လာသော သူမ ယောက်ျားကို တွေ့လိုက်ရသည်။

“ရှာလိုက်ရတာ စောရယ်”သူ အနီး ရောက်လာပြီး စော၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။

“ကိုယ်တို့ချင်း ကွဲသွားရင် ဘယ့်နှယ်လုပ်မလဲ၊ မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”“မင်းကို ပြောလိုက်ရင် အဲဒီလိုချည်းပဲ၊ လာ.. ပြန်ကြစို့၊ အေးလည်း အေးလှပြီ။ခုဟာက ကံကောင်းလို့ မသေတာ”

ထို့နောက် သူသည် အငိုတိတ်စ ပြုနေပြီဖြစ်သော၊ အံတင်းတင်း ကြိတ်ထားသော ရွှေအင်းသား လူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောက်ျားတစ်ယောက်၏ အငိုမျက်နှာကို သူမကြည့်ချင်၊ မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။

“သနားပါတယ်နော်”စော သူနှင့်အတူ လိုက်လာရင်း ရေရွတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်သည်။

“အေးလေ... နှစ်သိန်းကြီးများတောင်”

စော သူ့ကို ဖျတ်ခနဲ မော့်ကြည့်မိသည်။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိက မကျဘူး။ သို့သော် ဤခံစားချက်ကို သူနားလည်မည့်ပုံ မပေါ်သဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။

“မအေးဘူးလား စော”

“အင်း.... ခုမှ အေးမှန်းသိတော့တယ်”

“ကိုယ်တော့ ခိုက်ခိုက်တုန်နေပြီ”မနက်ဖြန် စောတို့ ပြန်ကြတော့မည်။ ၅ ရက်ကြာ ခွဲခွားထားခဲ့သော သမီးလေးဆီ ပြန်ကြတော့မည်။ သမီးလေးအတွက် တိုင်းရင်းသား ၀တ်စုံလေးတစ်စုံ လက်ဆောင်ပါလာသည်။ သူမ စိတ်မှတ်မထင် ပြုံးမိသွား၏။

“အခု ဆက်လက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ ဖြစ်ပါတယ်။ ဖိုးသာထူးအဖွဲ့က လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားဟာလည်း “ ညမီးကျီး” ပဲဖြစ်ပါတယ်”

သြော်... အခုဟာ ရိုးရိုး မီးပုံးပျံ လွှတ်နေတာ မဟုတ်၊ ပြိုင်ပွဲလုပ်နေတာ ပါလားဟု သတိရသွား၏။ ရွှေအင်းသား အဖွဲ့၏ ဆုံးရှုံးမှုများမှ ထင်တာထက် ပို ကြီးမားပါလိမ့်မည်။

အချိန်ကာလ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှု နာမည်၊ စိုက်ထုတ်လိုက်ရသည့် ခွန်အား၊ အားလုံးထက် ပို၍ ဆုံးရှုံးလိုက်ရသော အရာမှာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မည်။

“ကိုယ် နားမလည်တာက ဒီငွေတွေကို မီးပုံးပျံ လုပ်ပြီး မီးရှို့ပွဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာ ရှိသေးလဲ။ ကောင်းကင်အမြင့်ကျမှ ပေါက်ကွဲကွဲ၊ မြေပြင်နဲ့ နီးနီးပဲ ပေါက်ကွဲ ပေါက်ကွဲ၊ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ။ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အန္တရာယ် မရှိရင် ပြီးတာပဲ မဟုတ်လား”

“ထူးခြားတာပေါ့”“ဘာ ထူးခြားတာလဲ”

ဘုရားစောင်းတန်း ရှိရာသို့ လျှောက်လာရင်း စောသည် မီးပုံးပျံ ကွင်းပြင်ဆီသို့ တစ်ချက် ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက် ပို၍ ရှင်းပြပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

“မီးပုံးပျံ လွှတ်တယ် ဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးပျက်စီးမှာ ဆိုတာ မှန်ပါရဲ့။ အခုလို ညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှု ပိုတယ်။ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ တစ်ခုပဲ။ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလို လှလှပပ တစ်မျိုးပြီး တစ်မျိုး ပေါက်ကွဲဖို့က နောက်တစ်ဆင့်။ အခုလို ဘာမှ မရလိုက်ဘဲ အလဲလဲ အကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ။ ဘယ်သူမဆိုလေ... ဂုဏ်သိက္ခာရှိရှိ၊ က္ကုနြေ္ဒရရ လှလှပပလေး ပေါက်ကွဲ အဆုံးသတ် သွားချင်တာချည်းပါပဲ”

စော၏စကားကို သိပ်နားလည်ပုံ မပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။

“ကျွန်မလည်း ဘ၀နဲ့ ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်အလန့် အလဲလဲ အကွဲကွဲတော့ အဆုံး မသတ်သင့်ဘူး။ လှလှ ပပ သိက္ခာရှိရှိလေး... ”သူရယ်မောသည်။

“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”“သမီးလေး မြန်မြန် ကြီးပြင်းစေချင်လှပြီ”သူမ ညည်းညည်းကလေး ပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။

လောကတစ်ခုလုံးမှာ သူမ ဂရုစိုက်ဆုံး အရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။

ဂျူး (မဟေသီ၊ သြဂုတ် ၂၀၀၀)


Thursday, September 30, 2010

မေတ္တာပန်းခိုင်မှ ပန်းတပွင့်

ခက်မာ

စက်တင်ဘာ ၂၉၊ ၂၀၁၀

ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။

ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။

တကယ်တော့ ၂၀၀၆ ခုနှစ်လောက်အထိ ဆရာနှင့်ကျမက ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါသည်။ ဆရာ့နာမည်ကို ကြားဖူးနေတာ၊ ဆရာ့ကိုမြင်ဖူးနေတာကတော့ ကြာလှပြီပေါ့။ ဒါပေမယ့် ကြားထဲက မိတ်ဆက်ပေးမည့်သူ မရှိတာရော၊ ကျမကိုယ်တိုင်က နှုတ်စ လျှာစ နည်းတာရောကြောင့် ဆရာနှင့် ကျမ မနီးစပ်ခဲ့ပါ။ တခါတရံ စာပေနှင့်ပတ်သက်သောပွဲတချို့မှာ ဖြစ်စေ၊ ရန်ကုန်မြို့လယ် တနေရာရာမှာဖြစ်စေ ဆရာ့ကို လှမ်းတွေ့ရတတ်သည်။ ဆရာ့ကို တယောက်တည်းတွေ့ရချိန်များမှာ ဆရာက ဘေးဘီဝဲယာကို သိပ်အာရုံ မစိုက်ဘဲ ရှေ့တူရူကိုသာ ကြည့်၍ တစုံတရာကိုအာရုံပြုရင်း လမ်းလျှောက်နေပုံပေါ်သည်။ ဆရာ့ကို အပေါင်းအသင်းတွေနှင့် တွေ့ရချိန်များမှာတော့ ဆရာ့မျက်နှာပေါ်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းသည့် ဖြူစင် ရိုးသား ပွင့်လင်းသော အပြုံးကိုပါ တွဲလျှက်တွေ့ ရမြဲဖြစ်သည်။ ဆရာနှင့်ပုဂ္ဂိုလ်ရေးအရ မရင်းနှီးခင် ထိုကာလများကတည်းက ပုလဲလိုဖြူလက်နေသော သွားများပေါ်အောင် ဆရာပြုံးနေတာ မြင်ရတိုင်း ဆရာ ဦးမိုးဟိန်း ပြုံးတာ တော်တော်ချစ်စရာကောင်းတယ်ဟု တွေးမိမြဲဖြစ်သည်။

၁၉၉၄၊ ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာ စာရေးဆရာ၊ ကဗျာဆရာသူငယ်ချင်းတွေနှင့် ကျမ ပျဉ်းမနားကို ခပ်စိတ်စိတ်ရောက်ဖြစ်သည်။ ဧည့်ဝတ်ကျေသော ပျဉ်းမနားမြို့ခံ ကဗျာဆရာ၊ စာရေးဆရာတွေနှင့် ကျမတို့ စကားများစွာ ပြောခဲ့ကြသည်။ ဤသို့ စကားဝိုင်းဖွဲ့ဖြစ်တိုင်း ဦးဇော် (ဇော်-ပျဉ်းမနား) က သူ့ကဗျာတွေ ရွတ်ပြတတ်သည်။ ကဗျာတပုဒ်ရွတ်ပြီးလျှင် အဲဒီကဗျာက ဘယ်မဂ္ဂဇင်းမှာ ဘယ်ခုနှစ်၊ ဘယ်လက ပါတာဆိုတာမျိုး ပြောပြတတ်၏။


“ဒီကဗျာကို ကိုမိုးဟိန်းကို ဘာသာပြန်ခိုင်းထားတယ်။ ဦးဇော်ရဲ့ မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ထုတ်မယ့် ကဗျာပေါင်းချုပ်အတွက်လေ။ ကဗျာကို ဘာသာပြန်တဲ့နေရာမှာတော့ ကိုမိုးဟိန်းက ရှာမှရှားပဲ။ သမီး မှတ်ထား သိလား။ သမီးစာတွေ ဘာသာပြန်ဖို့ရှိလာရင် ကိုမိုးဟိန်းဆီကို ရောက်အောင်သွား။ သူက အင်္ဂလိပ်စာ သိပ်ကောင်းသလို စိတ်ထားလည်း သိပ်ကောင်းတယ်”

ဦးဇော်ထံမှ ဤသို့သောစကားမျိုး နှစ်ခါ သုံးခါထက်မနည်း ကြားခဲ့ဖူးတာ ကျမ မှတ်မိနေသည်။ ထို့ကြောင့်ပင် ၂၀၀၆ ခုနှစ်မှာ ကျမဝတ္တုတိုနှင့် ကဗျာတချို့ ဘာသာပြန်ဖို့ဖြစ်လာသောအခါ ကျမ ခေါင်းထဲကို ဆရာဦးမိုးဟိန်းဆိုသော နာမည်က ဒိုင်းခနဲ ရောက်လာသည်။ ဒါပေမယ့် ဆရာနှင့်ကျမကို ဆက်စပ်ပေးမည့်သူ မရှိခဲ့ပါ။ နောက်တော့မှ ဦးဇော်နောင် (ကဗျာဆရာ ဇော်နောင်) နှင့် စကားစပ်မိသွားတော့ ဦးဇော်နောင်က “ခက်မာ ကိုမိုးဟိန်းကို တွေ့ချင်ရင် ၃၉ လမ်းက ဆုစာပေတိုက်ကိုလာခဲ့” ဟု ပြောသည်။ ကျမ အချိန်ဆိုင်းမနေဘဲ နောက် တရက် နှစ်ရက်အတွင်းပဲ ဆရာဦးမိုးဟိန်းကို ထိုစာပေတိုက်မှာ သွားတွေ့ခဲ့သည်။ (ဦး)ဇော်နောင်နှင့်အတူ ဆရာက ကျမ ချစ်သော ပွင့်လင်းနွေးထွေးအပြုံးနှင့် ကျမကို ကြိုဆိုခဲ့ပါသည်။


“သမီးရဲ့ဆရာတယောက်က အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်မှာ နှစ်တိုင်းကျင်းပတဲ့ International Writing Program ကို လျှောက်ဖို့ အကြံပေးတယ် ဆရာ။ အဲဒါ သမီး လျှောက်ကြည့်မလားလို့။ လျှောက်လွှာမှာ writing sample တချို့ ထည့်ပေးရတယ်လေ။ သမီးမှာ အန်တီသိင်္ဂီ ဘာသာပြန်ပေးလားတဲ့ ဝတ္တုတိုတပုဒ်တော့ ရှိတယ်။ နောက်ထပ် နှစ်ပုဒ်လောက် ထပ်ထည့်ချင်လို့ပါ။ အဲဒါ ဆရာ ကူညီပေးပါလို့”


“ဟာ .. ကူညီရမှာပေါ့။ လူငယ်တွေ အဲ့ဒီလို ကြိုးစားပြီး အတွေ့အကြုံရှာနေကြတာ ဆရာသိပ် သဘောကျတယ်။ မသိင်္ဂီ ပြန်ပေးထားတာ တပုဒ်ရှိတယ်ဟုတ်လား။ သိပ်ကောင်းတယ်။ မသိင်္ဂီ ဘာသာပြန်ပေးတာဆိုရင်တော့ ပြောစရာမရှိဘူး။ သူက သိပ်တော်တာ”

ဆရာက ကျမအကူအညီတောင်းတာကို စိတ်ပါလက်ပါ လက်ခံရင်း အန်တီ သိင်္ဂီကိုလည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးသည်။


“တကယ်က အန်တီ သိင်္ဂီ က သမီးဝတ္တုတွေ ပေးထား၊ အန်တီ အဆင်ပြေတဲ့အချိန် ဘာသာပြန်ထားမယ်လို့ ပြောပါတယ်။ သမီးက မပေးဖြစ်တာပါ”

ကျမက ကိုယ့်ပျက်ကွက်မှုကိုဖွင့်ဟတော့ ဆရာက ကျမနှင့်တွေ့စကတည်းက မပျယ်သေးသော အပြုံးနှင့် မသိင်္ဂီက သိပ်တော်တယ် ဟု ထပ်ပြောသည်။ ထိုအချိန်ထဲက ဆရာ သည် တဖက်သား၏ အရည်အသွေးကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ချီးမွမ်းတတ်တာကို သတိထားမိခဲ့သည်။ ထို့နောက်ပိုင်း ဆရာနှင့်ကျမ မကြာခဏ တွေ့ဖြစ်သည်။ မြို့ထဲမှာ တွေ့ကြသလို ဘောက်ထော်က ဆရာ့အိမ်ကိုလည်း ကျမ မကြာခဏ ရောက်သည်။ ကျမ၏ ဝတ္တုတို နှစ်ပုဒ် သုံးပုဒ်နှင့် ကဗျာနှစ်ပုဒ်ကို ဆရာ့အားပေးပြီး ဆရာကောင်းမယ်ထင်တာ ဘာသာပြန်ပေးပါဟု အပ်ခဲ့သည်။ နောက်တခါထပ်တွေ့တော့ ဆရာက ကဗျာနှစ်ပုဒ်စလုံးကို ဘာသာပြန်ပြီးနေပြီ။

“ဝတ္တုတိုကိုတော့ ‘လက်ဆောင်ကောင်း’ ဆိုတာလေးကို ဘာသာပြန်မယ်လို့ စဉ်းစားတယ်။ အဲ့ဒီ ဝတ္တုလေးက မိခင်မေတ္တာလည်း ပေါ်တယ်။ မြန်မာအမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ထားရတာလိုမျိုး အင်မတန် အရေးကြီးတဲ့အချိန်မှာ ဘယ်လို တွေးတော ဖြတ်သန်းသလဲဆိုတာကိုလည်း မြင်နိုင်တယ်။ အနောက်နိုင်ငံသားတွေက အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အင်အားကိုဖွဲ့တာမျိုးကို ကြိုက်တယ်။ ခက်မာ သဘောထားကိုမေးချင်လို့ မစသေးပဲ စောင့်နေတာ”

“ဟာ .. ဆရာက သမီးထက် ပိုနားလည်ပါတယ်။ ဆရာ ကောင်းမယ်ထင်တာကိုပဲ ပြန်ပါ။ သမီးက ဘယ်ဝတ္တုကို ဘာသာပြန်သင့်သလဲ တကယ်နားမလည်လို့ပါ”

ကျမက ထိုသို့ပြောတော့ ဆရာက ထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲပြုံးကာ ‘မဟုတ်ပါဘူး၊ ခက်မာ နားလည်ပါတယ်။ လူငယ်တွေက တော်ကြတယ်’ ဟုပြောရင်း ‘ဒါဆို လက်ဆောင်ကောင်း ကိုပဲ ဘာသာပြန်လိုက်တော့မယ်နော်’ ဟု အတည်ပြုချက် ထပ်ယူသည်။

နောက်ပိုင်းဆရာနှင့်တွေ့ချင်လျှင် ကျမက ဆရာ့အိမ်သို့ပဲ သွားတော့သည်။ ကျမ နေသော သာကေတ က ဆရာနေသော ဘောက်ထော်နှင့် အတော်နီးသည်။ သုဝဏ္ဏတံတားကို ကျော်လိုက်လျှင်ပဲ ဆရာ့အိမ်နှင့် အတော်နီးသွားပြီ။ နောက်တချက်ကတော့ မြို့ထဲမှာဆရာ့ကိုတွေ့ရတာ အားနာ၍ဖြစ်သည်။ ထုံးစံအတိုင်း ကျမတို့က လူချင်းဆုံတာနှင့် လက်ဘက်ရည်ဆိုင်များဘက် ခြေဦးလှည့်ကြတာ မဟုတ်လား။ ဆရာက သတ်သတ်လွတ်စားသည့်အပြင် ဥပုသ်ကလည်း စောင့်သေးလေတော့ ကျမတို့ လက်ဘက်ရည်ဆိုင်ထိုင်လျှင် ဆရာ့ကို အတော်အားနာရသည်။

ဆရာ့အိမ်ရောက်လျှင်တော့ ကော်ဖီ အမြဲသောက်ရသည်။ ဆရာကတော့ ဘာမှ မသောက်မစားပဲ စကားသာ တွင်တွင်ပြောသည်။

“ပထမတော့ ခက်မာရဲ့ဝတ္တုမဟုတ် ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ရင် ကောင်းမလား စဉ်းစားမိသေးတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်လေ”


လူတွေကို ကယ်တင်နေပါသည်ဟု ကြွေးကြော်တတ်သော ဘိုးတော်လေး တယောက်အကြောင်း ရေးထားသည့် ကျမ ဝတ္တုကလေးအကြောင်းမှသည် ကျမတို့ ကိုးကွယ်ရာဆိုတာတွေဆီလည်း စကားရောက်သွားတတ်ကြသည်။

“တို့ဆို ဘုရားပေါင်းစုံ၊ နေရာပေါင်းစုံမှာ တရားလိုက်ထိုင်လာတာ။ အဲဒီထက် ထူးဆန်းတာတွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမယ့် ထူးဆန်းတိုင်း ကိုးကွယ်ရာလားဆိုတာ စဉ်းစားရမယ်။ တို့လို ထေရဝါဒ ဗုဒ္ဓဘာသာတွေအတွက်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်လမ်းသည်သာ အရေးအပါဆုံး၊ အမြင့်မြတ်ဆုံးပါ”

အဲဒီနှစ်က အန်တီ မသိင်္ဂီ ဘာသာပြန်ပေးသော “Overture” ဆိုသော ဝတ္တုတိုတပုဒ် အပါအဝင် ဆရာ ဘာသာပြန်ပေးသော ကဗျာနှစ်ပုဒ်နှင့် ဝတ္တုတိုတပုဒ်ကို နမူနာအဖြစ်တင်ပြ၍ International Writing Program ကို လျှောက်လွှာပို့လိုက်သည်။

တရက် ကျမ ဆရာ့အိမ်ရောက်သွားတော့ ဆရာ့ကို အလွန် အားတုံ့အားနာနေဟန်နှင့် တွေ့ရသည်။

“ခက်မာကို ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ခက်မာ International Writing Program ကိုတင်ပြဖို့အတွက် စာတွေကို ဆရာကဘာသာပြန်ပေးနေချိန်မှာ အမေရိကား တောင်ပိုင်း အီလီနွိုင်းတက္ကသိုလ်က ဆရာကြီး ဦးစောထွန်းက အဲဒီပရိုဂရမ်အတွက် ဆရာ့ကို နာမည်စာရင်းသွင်းထားတယ် တဲ့။ ခု ဆရာ့ဆီကို International Writing Program တက်ဖို့ အကြောင်းကြားစာ ရောက်လာတယ်”

ဆရာက ကျမကို အလွန်အားနာဟန်ပေါက်နေသောကြောင့် ကျမက ဆရာ့ကို ပြန်အားနာရသည်။

“ဟာ .. ကောင်းတာပေါ့ ဆရာရယ်။ ဆရာ့လိုလူမျိုးသွားရတာ ပိုအကျိုးရှိတာပေါ့။ သမီးတို့လည်း ဆရာရလာမယ့် အတွေ့အကြုံတွေကိုကြည့်ပြီး ပြင်ဆင်လို့ရတာပေါ့။ တကယ်တော့ သမီးက လျှောက်မယ့်သာလျှောက်တာ။ သွားရမှာ ကြောက်တယ်။ သမီးက English လည်း မကောင်းဘူးလေ။ သမီးမှာ လေ့လာဖို့အချိန် ပိုရသွားတာပေါ့”

ဆရာ ရွေးချယ်ခံရခြင်းအတွက် ကျမ တကယ့်ကို ဝမ်းသာပါသည်။ ကျမ၏ လှိုက်လှိုက် လှဲလှဲ ဝမ်းသာဟန်ကြောင့် ဆရာလည်း အားနာရိပ်တွေ နည်းနည်းလျှော့သွားသည်။ ဆရာ International Writing Program သွားနေချိန်မှာ ကျမက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Commumity Depelovement & Civic Empowerment သင်တန်းသွားတက်ဖြစ်သည်။

ဆရာက ၂၀၀၆ နိုဝင်ဘာမှာပြန်ရောက်ပြီး ကျမက ၂၀၀၆ ဒီဇင်ဘာမှာ ပြန်ရောက်သည်။ ကျမ ချင်းမိုင်မှာရှိနေစဉ်မှာပဲ International Writing Program က ၂၀၀၇ ခုနှစ် အစီအစဉ်အတွက် လျှောက်လွှာနှင့် Writing Sample ပို့ရန် လှမ်းအကြောင်းကြား လာသည်။ ဆရာက ကျမ ပြန်ရောက်လျှင် သူ့ကိုလာတွေ့ဖို့ ဦးဇော်နောင် အပါအဝင် လူနှစ်ယောက်သုံးယောက်နှင့် မှာထားသည်။ ကျမ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဆရာ့ကို ဆရာ့အိမ်မှာ သွားတွေ့တော့ ထုံးစံအတိုင်း နွေးထွေးဖြူစင်သော ဆရာ့အပြုံးကို ခံစားရတာ ကြည်နူးဖွယ်ကောင်းလှသည်။

“ကဲ .. လာပါ၊ လာပါ ခက်မာရေ။ မျှော်နေတာ။ ပြောပြချင်လို့”

ဆရာက ရန်ကုန်မှ စထွက်ကတည်းက တွေ့ကြုံရတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသည်။ သပ်သပ်လွတ်အပြင် ဥပုသ်စောင့်သူမို့ ဒုက္ခရောက်ရပုံတွေ။ ဟိုမှာ ဖတ်ရသည့် စာတန်းတွေ၊ ပူးပေါင်းပါဝင်ရမည့် အစီအစဉ်တွေ၊ ဘာတွေ ပြင်ဆင်သွားသင့်ကြောင်းတွေ။

“ပရိုဂရမ်ပြီးဖို့ တလလောက်လိုကတည်းက သူတို့က နောက်နှစ်အတွက် ဘယ်သူ့ကို ဖိတ်ခေါ်စေချင် သလဲ မေးတယ်။ ပုံမှန်ကတော့ အီးမေးလ်ပို့ပြီး မေးတာပေါ့။ ဆရာက သူတို့ဆီက ကွန်ပျူတာလည်း မငှားဘူး။ အင်တာနက်လည်း မသုံးဘူးလေ။ သူတို့ ပရင့်ထုတ်ပေးတဲ့ ဖောင်ပေါ်မှာ နောက်နှစ်အတွက် ဖိတ်ခေါ်စေချင်သောသူဆိုတဲ့နေရာမှာ ခက်မာဆိုပြီး လက်ရေးနဲ့ကို အသေအချာ ရေးခဲ့တယ်”

“ဟုတ်ကဲ့။ ပရိုဂရမ်က သမီးဆီကို အကြောင်းကြားတယ် ဆရာ။ Writing Sample တွေ ပို့ပါတဲ့။ သမီး ပို့လိုက်ပြီ။ သူတို့က ဆရာ့ဆီက ထောက်ခံစာလေးပါ တောင်းပေးပါ တဲ့”

“ဟာ .. ဟုတ်လား။ အကြောင်းတောင်ကြားပြီးပြီလား။ ကောင်းလိုက်တာ၊ ဝမ်းသာလိုက်တာ။ ရေးပေးမှာပေါ့။ ပရိုဂရမ် ဒါရိုက်တာက ခရစ်စ် ဆိုတဲ့ ကဗျာဆရာကြီး၊ သူ့ဆီကို ထောက်ခံစာ ရေးပေးမယ်”

ဒီတခါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာသူက ဆရာဖြစ်သည်။ အဲဒီမှာ လုပ်ရမယ့်အလုပ်တွေ သမီး လုပ်နိုင်မယ်လို့ထင်သလား ဆရာ၊ ဆရာ ဘယ်လိုထင်သလဲဟု ကျမကမေးတော့ ဆရာက အားရပါးရ ပြန်ဖြေသည်။

“ဘာလို့မလုပ်နိုင်ရမှာလဲ။ ခက်မာ ကောင်းကောင်းလုပ်နိုင်တယ်။ ဒီကနေ ကောင်းကောင်းသာ ပြင်ဆင်သွား။ ဆရာလည်း ဝိုင်းကူမှာပေါ့”

ပြောပြောဆိုဆို ဆရာက ဖိုင်ကြီးတခုကို ဆွဲထုတ်လာသည်။ ဖိုင်ထဲမှာ International Writing Program တက်ရောက်ဖို့ စတင်ဖိတ်ကြားသည်မှစကာ ပရိုဂရမ်မှပြန်လာသည်အထိ ပရိုဂရမ်မှ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆက်သွယ်မေးဖြေထားသော အီးမေးလ်တွေကို ပရင့်အောက်ထုတ်ကာ သပ်သပ်ရပ်ရပ် ဖိုင်တွဲထားသည်။ အင်မတန် အင်္ဂလိပ်စာတော်သည်ဟု နာမည်ကြီးသော ဆရာ့မှာ ကိုယ်ပိုင်အီးမေးလ်အကောင့် မရှိပါ။ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတခု၏ လိပ်စာနှင့်ဆက်သွယ်ပြီး အဝင်အထွက် အီးမေးလ်ဟူသမျှကို ပရင့်အောက်ထုတ်၍ သိမ်းထားသည်။

“ကဲ .. သမီိး ဒီဖိုင်ကို ယူသွား။ အဲဒီအထဲမှာ သမီး လိုအပ်သမျှ အကုန်ပါတယ်။ မရှင်းတာရှိရင် ဆရာ့ကို မေး”

ဖိုင်တွဲကြီးကို ကျမလက်ထဲ ထိုးထည့်နေသော ဆရာ့ကိုကြည့်ကာ ကျမ ဘာပြန်ပြောရမှန်း မသိအောင် အံ့သြသွားသည်။ ဝမ်းလည်းသာသွားသည်။ ဆရာ၏ စိတ်ရှင်းမှုနှင့် စေတနာ ထက်သန်မှုက အံမခန်းပါပင်။ ၂၀၀၇ နှစ်ဆန်းမှသည် International Writing Program အတွက် ကျမ အမေရိကားမသွားခင် သြဂုတ်လအထိ ကျမတို့ မကြာမကြာ တွေ့ကြသည်။ တွေ့တိုင်း ဆရာက သူ၏ ပရိုဂရမ် အတွေ့အကြုံတွေကို နည်းနည်းစီ ပြောပြသည်။ ရယ်စရာတွေလည်း ပါ၊ ဂုဏ်ယူစရာတွေလည်း ပါ၊ အံ့သြစရာတွေလည်း ပါ၊ မှတ်သားစရာတွေလည်းပါသော ဆရာ့ အတွေ့အကြုံတွေက ကျမအတွက်တော့ အဖိုးမဖြတ်နိုင်ပါ။ ကျမမှာ အစစ ကြိုတင်ပြင်ဆင်ချိန် ရသဖြင့် ကြောက်စိတ်တွေ လျှော့ပါးရသည်။ ဆရာကလည်း တွင်တွင်အားပေးသည်။ ရာသီဥတု အခြေအနေက အစ၊ တွေ့ကြုံရမည့်လူတွေ အပါအဝင် လုပ်ရမည့်ကိစ္စများ၊ လုပ်သင့်သည်များကို ပြောပြသည်။

IWP ပရိုဂရမ်မှာ Panel တခုလုပ်ဖို့ ခေါင်းစဉ်တချို့ကြိုပေးတော့ ကျမက ဆရာ့ဆီ ပြေးသွားပြန်သည်။

“သမီးက A Key Book from My Bookshelf ဆိုတဲ့ ခေါင်းစဉ်ကိုပြောမယ် စဉ်းစားတယ် ဆရာ”

“ကောင်းပါတယ်။ ပြောစရာ စာအုပ်တွေ အများကြီးပါ”

ကျမက ကျမ တကယ်ကြိုက်ပြီး မကြာခဏလည်း ပြန်ဖတ်မိသည့် ဆရာမြသန်းတင့် ဘာသာပြန်သော အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်လ်၏ “လေရူးသုန်သုန်” အကြောင်း ပြောချင်သည်ဟုပြောတော့ ဆရာက ခဏစဉ်းစားသည်။

“လေရူးသုန်သုန်က ပြောစရာမလိုအောင်ကောင်းတဲ့ စာအုပ်ပါ။ ကောင်းမှန်းလည်း လူတိုင်း သိတယ်။ ဆရာ အကြံပေးချင်တာကတော့ လူတိုင်းသိပြီးသားစာအုပ်ကို မိတ်ဆက်ပေးတာထက် ဟိုကလူတွေမသိတဲ့ မြန်မာစာအုပ်တအုပ်အကြောင်း ပြောတာက ပိုကောင်းမယ်ထင်တယ်။ ကိုယ့်မြန်မာစာပေကိုလည်း ချီးမြှောက် မိတ်ဆက်ရာကျတာပေါ့”

ဆရာ့အကြံပေးမှုက တကယ်ဖြစ်သင့်တာမို့ ကျမ ချက်ချင်း စိတ်ပြောင်းသွားသည်။

“မြန်မာမဂ္ဂဇင်းတခုအကြောင်း ပြောရင်မကောင်းဘူးလား ဆရာ”

“ကောင်းတာပေါ့”

ဆရာနှင့် ကျမ ဘယ်မဂ္ဂဇင်းအကြောင်းပြောလျှင်ကောင်းမည်လဲ စဉ်းစားကြသည်။ ကျမက ကဗျာ မဂ္ဂဇင်းအဖြစ် စတင်ခဲ့သော ပိတောက်ပွင့်သစ် မဂ္ဂဇင်းအကြောင်း မိတ်ဆက်ရလျှင် ကောင်းမည်ထင်ကြောင်း ပြောတော့ ဆရာကလည်း သဘောတူသည်။ မဂ္ဂဇင်း၏ ဘယ်လို ထူးခြားချက်မျိုး ထည့်သင့်သည်မှစကာ ပိတောက်ပွင့်သစ်နှင့်အတူ စာပေစင်ပေါ် ရောက်လာသူတွေအကြောင်းကိုပါ ထည့်ပြောသင့်ကြောင်း အကြံပေးသည့်အပြင် ကျမ မြန်မာလိုရေးထားသော ကျမ ဖတ်ရမည့်စာတန်းကိုလည်း အင်္ဂလိပ်လို ဘာသာပြန်ပေးသည်။ ဆရာ၏ လှပသော လက်ရေးစောင်းစောင်းလေးများဖြင့် IWP ဒါရိုက်တာ Christopher-Merrill ဆီကိုလည်း ကျမအတွက် ထောက်ခံစာတစောင် ရေးပေးသည်။ ဆရာ့စာကို Scann ဖတ်ပြီး အီးမေးလ်နှင့် ဒါရိုက်တာဆီ ပို့ရသည်။ မသီတာ(စမ်းချောင်း) ကလည်း တွဲဖက်ဒါရိုက်တာ Hugh Ferrer ဆီ ထောက်ခံစာတစောင် ရေးပို့ပေးသည့်အတွက် အလွန်အဆင်ပြေခဲ့ရသည်။ ၂၀၀၇ သြဂုတ်လထဲမှာ ကျမ ထွက်ရတော့မည်ဆိုတော့ ဆရာက သူ့အိမ်လာခဲ့ဖို့ မှာပြန်သည်။ ကျမရောက်သွားတော့ ဆရာက နာမည်တွေ၊ ဖုန်းနံပါတ်တွေ ရေးထားသော စာရွက်တရွက်ဖြင့် စောင့်နေခဲ့သည်။

“ဒါက IWP ဒါရိုက်တာနှစ်ယောက်ရဲ့ ဖုန်းနံပါတ်၊ ဒါက အဲဒီပရိုဂရမ်အတွက် ရောက်လာတဲ့ စာရေးဆရာတွေ ကိစ္စအဝဝကို စီစဉ်ပေးတဲ့ အမျိုးသမီးကြီးရဲ့ ဖုန်းနံပါတ်၊ သူ့နာမည် မေရီ လို့ ခေါ်တယ်။ ဒါက ဆရာကြီး ဦးစောထွန်း နံပါတ်၊ ဟိုရောက်ရင် ဆရာ့ကို လှမ်းဆက်သွယ်လိုက်ပါဦး။ ဆရာ လာတွေ့လိမ့်မယ်။ ဒါက အမေရိကားမှာနေတဲ့ ဆရာ့ရဲ့ အမဝမ်းကွဲ ဖုန်းနံပါတ်။ အခက်အခဲတခုခု တွေ့ရင်ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် ဖုန်းဆက်ပြီး ဆရာ့နာမည်ပြော မိတ်ဆက်လိုက်။ သူတို့ ကူညီလိမ့်မယ်။ ပြီးရင် သမီးတို့တည်းရမယ့် အိုင်မိုဝါ ဟောက်စ်ဟိုတယ် အောက်ထပ်မှာ ကျောင်းကင်တင်း ရှိတယ်။ အဲဒီမှာ ဆူရှီဆိုင်တဆိုင် ရှိတယ်။ ပိုင်ရှင်က မြန်မာလေး။ သဘောကောင်းတယ်။ ကူညီတတ်တယ်။ သူ့ကိုလည်း သွားတွေ့လိုက်”

ဆရာက ဆန် ဘယ်မှာဝယ်၍ရသည်ဆိုတာရော၊ မိုက်ကရိုဝေ့ဗ်နှင့် ထမင်းချက်နည်းပါ မကျန် ကျမကို ပြောပြလိုက်သည်။ ဆရာ့မှာကြားချက်၊ ကူညီချက် အဖုံဖုံကြောင့် ကျမ၏ အိုင်အိုဝါခရီးက အဆင်ပြေချောမွေ့ ခဲ့ပါသည်။ ဆရာ့ကျေးဇူးတွေ ကျမအပေါ် ကြီးလှပါသည်။

၂၀၀၇ ဒီဇင်ဘာလမှာ ကျမ အမေရိကားက ပြန်ရောက်သည်။ ရောက်ပြီး တပါတ်လောက် နားပြီး ဆရာ့ကိုသွားတွေ့တော့ ဆရာက မိတ်ဆွေဟောင်းတွေသတင်းမေးဖို့ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ ခရစ်စ် နေကောင်းရဲ့လား။ ဟျူးခ်ျက ဘာမှာလိုက်သေးလဲ။ Panel Disscussion က အဆင်ပြေတယ် မဟုတ်လား။ Presentation မှာ ဘာအကြောင်းပြောခဲ့လဲ စုံနေအောင် မေးသည်။ ကျမက World Letrature Today ဟူသော Presentation တွင် မြန်မာဘာသာစကား အကြောင်းပြောရင်း ဟာသတခုပြောခဲ့ကြောင်းပြောတော့ ဆရာက ပြောပါဦးဟု တောင်းဆိုသည်။

“ကျမတို့ မြန်မာလို ‘အိုင်’ ဆိုတာ Lake ဖြစ်တဲ့အကြောင်း၊ ‘အို’ ဆိုတာကတော့ Old ပေါ့၊ ဝါက Yellow ဆိုတော့ အိုင်အိုဝါဆိုတာ မြန်မာလို အဝါရောင်ရေအိုင်အိုကြီး လို့ အဓိပ္ပာယ် ပေါက်နေတဲ့အကြောင်းပြောတော့ ကျမ လက်ချာပေးရတဲ့ မာစတာကျောင်းသားတွေက သိပ်သဘောကျပြီး ရေးမှတ်ကြတယ်လေ”

ကျမစကားကို ဆရာက ရယ်ရင်း “လူငယ်တွေများ စဉ်းစားတတ်လိုက်တာ” ဟု ရေရွတ်သည်။

“မေရီက ကျမကို မိုးနဲ့သိလားလို့ မေးတယ်ဆရာ။ မိုးက ကျမ ဆရာလို့ ပြောလိုက်တာပေါ့။ အဲဒီတော့ မေရီက ပြောတယ်။ မိုးက တရက်ကို တနပ်ပဲ အစာစားတယ်နော်။ အမေရိကရဲ့ ဆောင်းဦးမှာ သူက မြန်မာလုံချည်နဲ့ တိုက်ပုံပဲ အမြဲဝတ်တယ်။ မိုးရေ မင်းတော့ အေးပြီး ခဲသွားတော့မယ်လို့ သူ့ကို ဝိုင်းပြောကြတယ်။ ဒါပေမယ့် သူက မြန်မာဝတ်စုံကို ဝတ်မြဲပဲ။ တော်တော် ထူးဆန်းတဲ့လူပဲလို့ ပြောတယ်”

မေရီ့ကောက်ချက်ကိုကြားတော့ ဆရာက နှစ်နှစ်ခြိုက်ခြိုက် ရယ်ပြန်သည်။

“ဟုတ်လား၊ သူတို့အတွက် ဆရာက ထူးဆန်းနေတာပေါ့လေ”

၂၀၀၇ ဒီဇင်ဘာမှာ ကျမ IWP ပရိုဂရမ်က ပြန်ရောက်ပြီးနောက်ပိုင်း ဆရာ ပညာဒါနသင်ပေးနေသော အင်္ဂလိပ်စာသင်တန်းတခုကို ကျမ သွားတက်လိုက်သေးသည်။ မြန်မာ သတင်းခေါင်းစဉ်များကို အင်္ဂလိပ်လို ဘာသာပြန်သည့်ပုံ၊ အင်္ဂလိပ်သတင်းခေါင်းစဉ်များကို မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ပုံများ လေ့လာရသည်။ ကျမမှာ ဆရာ၏စာပေတပည့်အပြင် အင်္ဂလိပ်စာ သင်ကြားခံရသူတပည့် ဖြစ်ခဲ့ပြန်သည်။

ဆရာဒဂုန်တာရာက ဆရာ့မိခင် ဆရာမကြီးဂျာနယ်ကျော်မမလေးကို မေတ္တာပန်းပွင့်ဟု တင်စားခဲ့သည်။ ဆရာနှင့် ခင်မင်ရင်းနှီးချိန်ကြာမြင့်လေ လူသားတွေအပေါ်ထားသော ဆရာ့ မေတ္တာစေတနာများကို ပိုသိရလေဖြစ်သော ကျမက ဆရာ့ကိုလည်း မေတ္တာတရားနှင့်ပတ်သက် သော နမိတ်ပုံတခုနှင့် တင်စားချင်လာသည်။ ဆရာ့ မိခင်၊ ဖခင်နှင့် ဆရာတို့က ပန်းခိုင်ကြီး တခိုင်မှာ အစီအရီပွင့်နေသည့် ပန်းပွင့်ကလေးများနှယ် ကိုယ်ပိုင် အဆင်းဂုဏ်ရည်များနှင့် လှပ မွှေးကြိုင်တင့်တယ်နေသူများ မဟုတ်လား။ သည်တော့ ဆရာက မေတ္တာပန်းခိုင်မှ ပန်းတပွင့်ပေါ။့ ထိုမေတ္တာပန်းပွင့်၏ အဆင်းကိုခံစားပြီး ရနံ့ကိုရှူရှိုက်၍ ကျမ ဘဝခရီးမှာ အကျိုးများစွာ ရခဲ့သည်။

၂၀၀၈ မေမှာ နာဂစ်ဆိုင်ကလုံးက မြစ်ဝကျွန်းပေါ်ကိုဖျက်ဆီးပစ်တော့ ကျမ၏အချိန် တော်တော်များများက မြစ်ဝကျွန်းပေါ်မှာ ကုန်ခဲ့သည်။ ဒုက္ခသည်ကူညီရေးတွေကို ၂၀၀၈ စက်တင်ဘာလထိ ကျမတို့လုပ်ခဲ့ပြီး ၂၀၀၉ မှာ နောက်တကြိမ် အမေရိကားသွားဖို့ အကြောင်းပေါ် လာပြန်သည်။ ဒီတခါ ပရိုဂရမ်ကတော့ မိသားစုပါခေါ်ခွင့်ရသဖြင့် မိသားစုလိုက်ကြီး အမေရိကား ထွက်ဖို့ ကျမ အလုပ်ရှုပ်ရပြန်သည်။ ဆရာကလည်း အချိန်တော်တော်များများမှာ ပြင်ဦးလွင်က ‘ဒဟတ်’ ပရဟိတ ကျောင်းကလေးမှာသာ အချိန်တွေ ပေးထားတော့တာမို့ ကျမတို့ နည်းနည်း အနေဝေးသွားကြသည်။ ကျမထွက်ကာနီး ဆရာ့ကို နှုတ်ဆက်ဖို့ ကြိုးစားပါသေးသည်။ ဒါပေမယ့် ဆရာက ရန်ကုန်တွင်ရှိမနေသောကြောင့် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့ပါ။

၂၀၀၉ ခုနှစ်အတွင်းမှာပင် ဆရာကိုယ်တိုင်ရေးသော ဆောင်းပါးကလေးကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ မပြောပါနှင့် တော့။ ဒါပေမယ့် ဆရာ ဆေးကုနေတာပဲ။ ပျောက်သွားမှာပါဟု ကိုယ့်ကိုကိုယ် အားပေးခဲ့သည်။ ကျမ ဒီကိုလာခါနီး ဆရာ့အိမ်ကို ဖုန်းဆက်တော့ ဆရာ့အိမ်က ဖုန်းရောင်းလိုက်ပြီဟု တဖက်မှ ဖုန်းဖြေသူကပြောတာ မှတ်မိနေတာကြောင့် ဆရာ့ကို ဖုန်းဆက်ဖို့လည်း အဆင်မပြေပါ။ ဆရာက အီးမေးလ်လည်း မသုံးပြန်တာကြောင့် အီးမေးလ်ပို့ဖို့လည်း အဆင်မပြေပြန်။ ဆရာသုံးနေကျ အီးမေးလ်ဝန်ဆောင်မှုဆိုင်ကို ကျမ ကောင်းကောင်းသိသည်မို့ အဲဒီဆိုင်ကတဆင့်ပဲ အီးမေးလ်ပို့ သတင်းမေးမည်ဟု စိတ်ကူးခဲ့သည်။ ဒါပေမယ့် ဘယ်လိုစကားစပြီး သတင်းမေးရမလဲ အခက်တွေ့ ပြန်သည်။ ကင်ဆာဝေဒနာရှင်ကို ဘယ်လိုစကားနဲ့ သတင်းမေးအားပေးရပါ့။ ကျမ ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ အန်တီ သိင်္ဂီဆီက အီးမေးလ်တစောင် ရသည်။
“ဆရာ ဦးမိုးဟိန်းက ကင်ဆာကြောင့် တော်တော်နေမကောင်းဘူး သမီးရေ။ ဒါပေမယ့် ဆရာက အန်တီ အပါအဝင် လူတွေကို သူ ကောင်းပါတယ်လို့ပဲ ပြောတယ်။ လူတွေကို သူ့အတွက် မပူပင်စေချင်တာလေ။ တကယ်လည်း ဖုန်းထဲမှာတော့ သူ့အသံက လန်းဆန်းပြီး ကျန်းမာနေသလို ပဲ။ တနေ့ကတော့ သူ့သားနဲ့ တွေ့တယ်။ သူ ကောင်းပါတယ် ပြောတာတွေက တကယ် မဟုတ်ဘူးတဲ့လေ။ အန်တီ အတော်စိတ်မကောင်းဘူး။ သမီးနဲ့ ဆရာ အဆက်အသွယ်ရှိရင် သူ့ဆန္ဒအတိုင်း မသိသလိုပဲ နေလိုက်ပါကွယ်”

ဒီလိုနှင့်ပဲ ဆရာ့ကိုသိသော ကျမမိတ်ဆွေသူငယ်ချင်းတွေကိုသာ ဖုန်းနှင့်တမျိုး အွန်လိုင်း ချက်တင်မှာ တွေ့ချိန်မှာတသွယ် သတင်းမေးဖြစ်ခဲ့သည်။ သူတို့အဖြေစကားတွေက အားရစရာ မကောင်းပေမယ့် ကျမကတော့ ဆရာ ပြန်ကောင်းသွားမှာပါဟု မျှော်လင့်ခဲ့မြဲပင်။

ကျမ မျှော်လင့်ချက် မပြည့်ခဲ့ပါ။ ဆရာ ကွယ်လွန်ခဲ့ပြီ။ ဆရာ မကျန်းမာချိန်မှာ ကိုယ်ထိလက်ရောက် သတင်းမမေးဖြစ်ခဲ့လေသော ကျမကို ဆရာ ခွင့်လွှတ်ရန်သာ ဆုတောင်း ရတော့သည်။ တဖက်သားအပေါ် ကြံဖန်နားလည်ကာ အကောင်းမြင်တတ်သော ဆရာက ခွင့်လွှတ်လိမ့်မည်ဆိုတာကိုလည်း ကျမ သိသည်။
ဒီစာကိုရေးနေချိန်မှာ ဆရာနောက်ဆုံးရေးခဲ့သည်ဆိုသော “မှာပါရစေ၊ ပြောပါရစေ” ကဗျာကို ဖတ်ရသည်။ တမလွန်ခရီးအတွက် ကိုယ့်ကိုယ်ကိုသေချာလွန်းသော ဆရာ့ကဗျာကို ဖတ်ပြီး ရင်ထဲမှာ ဆို့နင့် ဝမ်းနည်းနေရင်းကြားမှ ပြုံးရသည်။ ‘ကိုယ်သေရင် မငိုနဲ့’ ဟု ဆရာက အသေအချာ မှာသွားရင်းကြားမှ ကျမ နှမျောတသစွာ ငိုမိတာကိုလည်း ဆရာခွင့်လွှတ်မည်မှာ သေချာပါသည်။

သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဤကဗျာစာပိုဒ်လေးကို ဖတ်ရပြန်တော့ ပုထုဇဉ်ပီသစွာ စိတ်လှုပ်ရှား အားတက်ရပြန်သည်။ ဆရာက မဟုတ်တာ ဘယ်တော့မှမပြောဘူး။ ဆရာ တကယ်ပြန်လာမှာ။ ပြန်လာပြီး ဆရာချစ်သော မိခင်မြေအတွက် ကောင်းကျိုးတွေကို အားတက်သရော သယ်ပိုး ဆောင်ရွက်ဦးမှာ။ မိခင်မြေကို ဆရာပြန်လာချိန်မှာ ကျမတို့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နည်းလမ်း တခုခုကို တယောက်ယောက်က ပြောပြပေးနိုင်လျှင် ဘယ်လောက် ကောင်းမည်လဲ။
ဤစာကိုရေးရင်း ကျမ စဉ်းစားမိတာတခု ရှိပါသည်။ ခုချိန်မှာ မရေရာသော မျှော်လင့်ချက်ဖြင့် ဆရာနှင့် ပြန်လည်ဆုံဆည်းရန် မျှော်လင့်ဆုတောင်းတာထက် ပိုလုပ်သင့်သော အရာတခုက ဆရာ သက်ရှိထင်ရှားရှိစဉ်ကတည်းက ဆရာ့ဂုဏ်ရည်များကို လေးစားတန်ဖိုး ထားကာ အသိအမှတ်ပြုသော စာတပုဒ် ကျမရေးခဲ့ဖို့ ကောင်းသည်ဆိုတာပဲ ဖြစ်သည်။
သက်ရှိထင်ရှား ရှိနေစဉ်ကာလများမှာ တဦးကိုတဦး ချစ်ခင်တန်ဖိုးထားသော စိတ်နှင့် တဦး၏ ဂုဏ်ရည်ကိုတဦးက အလေးအနက်ထား အသိအမှတ်ပြုခြင်းဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင် နွှဲနေသောလူသားမှာ အပြုံးများစွာနှင့် ပီတိ အားအင်တွေ တိုးလာလိမ့်မည်။ လူသားအချင်းချင်း တဦးနှင့်တဦး ပီတိကိုခံစားရစေခြင်းက သေဆုံးမှ နှမျောတသ ဝမ်းနည်းကြောင်းစာတွေ ရေးပြတာထက် ပိုအဓိပ္ပာယ်ကြွယ်ဝလိမ့်မည် ထင်ပါသည်။ ကျမကတော့ ဆရာ့အပေါ် အကြွေးတင်ခဲ့ပြီ။

၂၅ သြဂုတ်၊ ၂၀၁၀