Wednesday, December 8, 2010

ဂျူး ၏ ဝတ္ထုတို

ဆရာမ ဂျူး ရဲ. ဝတ္ထုတိုလေး တစ်ပုဒ် ကြိုက်နှစ်သက်လို. ခွင်.မတောင်းဘဲ ကူးယူဖေါ်ပြလိုက်ပါတယ်။ ကျွန်တော်တို.လဲ မှိုင်းပြည်.နေတဲ. မီးပုံးပျံတွေ အခါခါ လွှတ်တင် နေကြတာပါ။ အခြေအနေ အချိန်အခါ အားလုံးပြည်.စုံသွားရင်တော. မျှော်လင်.ထားတဲ.လမ်းကြောင်းမှန်ပေါ်မှာ လှပတဲ.မီးရှုးမီးပန်းတွေနဲ. အမြင်.ဆုံးထိမလွဲမသွေ ရောက်ရမယ်လို. ယုံကြည်ထားပါတယ်။
အားလုံးကိုကျေးဇူးတင်လျှက်

ညမီးကျီး


အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ သတိပေး ကြေညာလိုက်၏။“အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ “ညမီးကျီး” ဖြစ်ပါတယ်”လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကား ကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်း စူးရှ သိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင် ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စောက မှတ်ချက်ချမိသည်။ စောအနီးမှာ ရပ်နေသော စောယောက်ျားသည် မီးပုံးပျံများ စောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံ မရ။ ၁၅မိနစ်တစ်ခါလောက် လက်ပတ်နာရီကို ကြည့်ကြည့်နေ၏။

“အမြင့်ပေ ၆၀၊ ထိပ်ဝအကျယ် ၂၅ပေ ရှိပါတယ်။ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန်ကတော့ ပိဿာ ၄၀ တိတိ ဖြစ်ပါတယ်”

ပရိသတ်က ဝေါခနဲ အာမေဋိတ်သံ ပြုလိုက်ကြသည်။ ယမ်းပိဿာချိန် များသည့်အခါ ထိုမီးပုံပျံကြီး ကောင်းကင်မရောက်မီ ပေါက်ကွဲခဲ့သော် ရရှိလာမည့် အန္တရာယ်သည် တော်တော်ကြီးမားမည် ဖြစ်သည်။

“ကုန်ကျစရိတ် စုစုပေါင်း ကျပ်နှစ်သိန်းတိတိ ဖြစ်ပါတယ် ခင်ဗျာ”အဲသည် ကုန်ကျစရိတ် ကျပ်နှစ်သိန်းရှိပြီး ယမ်းပိဿာချိန် ၄၀ရှိသော မီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။ မီးပုံးပျံကြီး မှိုင်းဝအောင် မီးရှို့ မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖြေဖျော်ရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည် ဗုံမောင်းများ တီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။

စောသည် ပျော်ရွှင်စွာ တီးမှုတ်နေသူများ၊ မှိုင်းတိုက်နေသူများ၊ အလုပ်ရှုပ်စွာ တက်ကြွနေသူများကို ခြေဖျားထောက်ကာ လူအုပ်နောက်မှ ကဲကြည့်ရင်း အံ့သြနေသည်။ သြော် ငွေနှစ်သိန်းကို လှလှပပ မီးရှို့ပြဖို့ လူအင်အားတွေ၊ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ၊ သူတို့ ဘာအတွက် လုပ်နေကြတာလဲ၊ အနုပညာ သက်သက်ပဲလား၊ သူတို့ အတ္တ၊ သူတို့ ဂုဏ်သိက္ခာအတွက်လည်း ပါမှာပေါ့လေ။ ဒါဟာ တစ်နည်းအားဖြင့် Performance Art တစ်မျိုးပဲ။“စော ပြန်ကြဖို့ ကောင်းပြီ ထင်တယ်၊ နှစ်နာရီ ထိုးနေပြီ”“ခဏလေး... ဒီတစ်လုံး ကြည့်ပြီးရင် ပြန်မယ်”

သူ့ကို “မောင်” ဟူသော အသုံးအနှုန်းဖြင့် ဆက်ဆံလို့ မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊ သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်း မမှတ်မိတော့ချေ။ သူ့အတွက် စောသည် လူသားတစ်ယောက် အတွက်မဟုတ်တော့ဘဲ ဇနီးအဖြစ် ထီထွင်ခံရသည့် စက်ရုပ်တစ်ခုသာ ဖြစ်တော့သည်။ လိမ္မာယဉ်ကျေး ပြနေသည့် စက်ရုပ်ကလေး တစ်ခုဖြစ်သည်။ တစ်ခါတုန်းက အဲသည့် စက်ရုပ်သည် ချစ်မြတ်နိုးတတ်၊ ကြင်နာတတ်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။

ညသန်းခေါင်ကျော် ကာလ၊ အမှောင်ထု သိပ်သည်းနေဆဲ အချိန်မှာ စောသည် သူမယောက်ျားအား စေ့စေ့စပ်စပ် မော်ကြည့်လိုက်မိသည်။ စော သူ့ကို ဘာတွေ ချစ်မိခဲ့တာလဲ။ သူ့မျက်နှာမှာ၊ သူ့ ဟန်အမှုအရာမှာ စောချစ်ချင်စရာ ဘာမှကို ရှာမတွေ့ချေ။ စော ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ ဟုတ်ပြီ။ သူ့အမှုအရာ အကျင့်ကရော၊ ဇနီးအပေါ်ထားသည့် စိတ်သဘောထားကရော။ Bull Shit! လို့ ပြောရမလား၊ Damn it! လို့ ပြောရမလား။ ဘယ်စကားလုံးက ပိုယဉ်ကျေးပါလိမ့်။

“ဘာရယ်တာလဲ စော”သူမ ပို၍သာ ရယ်မိပြီး မီးပုံးပျံဆီသို့ အကြည့် ပြန်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်း ပီပြင်လာပြီ။ တဖြည်းဖြည်း ဖောင်း၍ ဖောင်း၍လာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတစ်ဆင့် လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်၊ မပန်းနိုင် က ဆဲ၊ တီးသူတို့ကလည်း တီးဆဲ၊ အိုးစည်သံနှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့် စိုးမိုးထားသည်။

စောသည်ကို ရောက်စက အင်းသားနှင့် ပအိုဝ့်ကို မခွဲခြားတတ်ပေ။ အ၀တ်အစားအရ သော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရ သော်လည်းကောင်း၊ အကဟန် အရ သော်လည်းကောင်း အနည်းငယ် ကွဲပြားကြောင်း လေး ငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စောအတွက် စိတ်ဝင်စားစရာချည်း ဖြစ်နေ၏။

“ပအိုဝ့်လေးတွေ လက်ချိုးတာက ဟောဒီလို ဟောဒီလို၊ သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့် ပွဲကို ရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ က ကြည့်တော့ သူမယောက်ျားက သူ့ကို ပြုံးမဲ့မဲ့ဖြင့် ရိသေး၏။

“စော .... မင်း ကိုယ့်ကို မယူဘဲ ပအိုဝ့်တစ်ယောက်ကို ယူခဲ့ဖို့ ကောင်းတယ်လို့ တွေးနေပြီ မဟုတ်လား”တွေ့လား၊ စော သူ့ကို မနှစ်မြို့ရခြင်း အကြောင်း အကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့် အကြောင်းလည်း တစ်ခု အပါအ၀င်ဖြစ်သည်။ အမယ်.... သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမဲ့ သူ့ကို ရိသလိုလို ပြောလျှင် မချိအောင် နာကာ ဒေါပွတတ်သေး၏။

“ပအိုဝ့် တစ်ယောက်ကို ယူတာ မယူတာ အသာထားလိုက်ပါလေ၊ ရှင့်ကိုတော့ ကျွန်မ ယူကို ယူခဲ့ဖို့ မကောင်းတာ အမှန်ပဲ”

ထိုစကားကို မျက်နှာထား တည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာမည်းခနဲ မှောင်သွားတာ အကြာကြီး၊ သူ့စိတ်ကို သူ ထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက် ပြုံးချင် မပြုံးချင်

“အခုတော့ မင်းနောက်ကျသွားပြီ” ဟု အထက်စီး လေသံဖြင့် ပြောလေသည်။စောလေ .... သူ့ကို မုန်းလိုက်တာ၊ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။

“ထင်သလား၊ နောက်မကျသေးပါဘူး”

ဟုတ်ပါသည်။ အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု နှစ်နှစ်၊ သုံးနှစ်အတွင်း သူမ အချိန်ယူ စဉ်းစားပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့် မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက် အနာတရ ကြီးကြီးကျယ်ကျယ် မဖြစ်ဘဲ လှပစွာ၊ သိမ်မွေ့စွာ ဘယ်လို အဆုံးသတ်ပစ်ရမလဲ ဟူသည့် အကြောင်းပင်ဖြစ်သည်။

“လေက အရှေ့တောင် အရပ်ကနေ အနောက်မြောက် အရပ်ကို တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပွဲကြည့် ပရိသတ်များ ခင်ဗျား၊ အနောက်မြောက် အရပ်မှာ မနေကြပါနဲ့ ခင်ဗျား၊ မီးပုံးပျံ မှိုင်းဝနေပါပြီ ခင်ဗျား”

စောတို့ ရပ်နေရာ အရပ်မှာ တောင်အရပ် တည့်တည့်ဖြစ်သည်။ အန္တရာယ် ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက် အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည်လိုတော့လဲ တွက်လို့ မရနိုင်ပါ။ အခုမှ မီးပုံးပျံက မှိုင်းဝကာ ရုပ်လုံး ပီပြင်သွာ တက်ဖို့ အရှိန်ယူနေဆဲ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် အရပ်မျက်နှာ ပြောင်းကာ တိုက်ချင် တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ ကျွန်မတို့ ရပ်နေရာသည် အန္တရာယ်ဇုန် ဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။

“ရွှေအင်းသား မှိုင်းဝနေပါပြီ ခင်ဗျား။ တက်လာပါတော့မယ် ခင်ဗျား၊ ယမ်းပိဿာချိန် လေးဆယ်တိတိ ဖြစ်ပါတယ် ခင်ဗျား၊ မီးပုံးပျံ လမ်းကြောင်းမှာ မနေကြပါနဲ့ ခင်ဗျား”

ယမ်းပိဿာချိန် ၄၀ သာ ပေါက်ကွဲလိုက်လို့ကတော့....။ စောပုခုံးလေး ကျုံမိ၏။ ဈေးဆိုင်တန်းများဆီမှ အသားကင် ရနံ့သည် ကွင်းပြင်ဆီသို့ လွင့်လာပြန်သည်။ ဆိုင်းတန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေ နည်းနည်း ကျဲသွားပြီ။ ဒါပေမဲ့ နံနက် နှစ်နာရီထိအောင် စားသောက်သူများ ရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျား များပြားလှသော ဈေးဆိုင်တန်းကြီးကကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုဈေးဆိုင်တန်းကို ထောင့်ဖြတ် ဖြတ်ယူရသည့် အချိန်တုန်းက စော၏ ခြေထောက်တို့သည် မြေနှင့် ထိတစ်ချက် မထိတစ်ချက် ဖြစ်နေခဲ့သည်။ ဆိုင်တန်း မျက်နှာစာကို ကြည့်ပေမဲ့ မမြင်ရ။ ဘေးမှာ ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲဈေးတန်းလျှောက် ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊ မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်း လူချောင်သည့် ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။

အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံ စောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ ဓလေ့ထုံးစံပဲနှင့် တူသည်။ စောအနေဖြင့် ချမ်းစိမ့် တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့် ကော်ဖီခါးခါး မွှေးမွှေးလေး တစ်ခွက်တော့ သောက်ချင်သား။ သို့သော် ဆိုင်တန်းဆီ သွားနေတုန်း သည်မီးပုံးပျံ ကောင်းကင်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်း စိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီခွက်၏ အပူကို တစ်ကိုယ်လုံး စိမ့်ဝင် နွေးထွေးသွားအောင် ခံစားရင်း၊ လမ်းလျှောက်ရင်း သို့မဟုတ် မတ်တပ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။ သူမ၏ အတွေးကို မဟုတ်သေးဘူး ဟု သိ၏။ တောင်ကြီးလို သန့်ရှင်းသပ်ရပ်သည့် မြို့မှာတော့ ကိစ္စမရှိပါ။ တစ်ခြားသာမန်မြို့ကြီးတွေမှာတော့ ပြန်ဆေးယူရသည့် ကြွေခွက်တွေ၊ ဖန်ခွက်တွေနှင့် ကော်ဖီ လက်ဖက်ရည် ရောင်းနေလျှက်သားနှင့် အမှိုက်တွေ၊ ဘူးခွံတွေနှင့် ညစ်ပတ်ရှုပ်ပွ နေခဲ့ပြီးပါပြီ။ သူမဆန္ဒရှိသလို ကော်ဖီကို တစ်ခါသုံး စက္ကူခွက်ဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း၊ အလုပ်လုပ်ရင်း သောက်နိုင်ဖို့ စက္ကူခွက် ယဉ်ကျေးမှုတစ်ခု ခေတ်စား အသုံးများလာခဲ့လျှင် အပုံလိုက် အပုံလိုက် ဖြစ်လာမည့် တစ်ခါသုံး စက္ကူခွက်တွေကို မြင်ယောင်ကြည့်မိသည်။ မနည်း မနောရှိမှာပဲ။

အိုးစည် ဗုံမောင်းသံက ပို၍ ပို၍ ကျယ်လောင် မြိုင်ဆိုင်လာသည်။ လူတွေ ပို၍ ပို၍ တိုးဝှေ့လာကြသည်။ မီးပုံးပျံ စတင်တက်နေပြီ။ အားပါးတရ အော်ဟစ်သံဖြင့် တစ်ခဏ ဆူညံသွား၏။

“တို့ အင်းဆားကွ”“အင်းသား” ဟု အသံမထွက်ဘဲ “အင်းဆား” ဟု ခပ်ဝဲ၀ဲ အသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏ အောက်မှာ စနစ်တကျ ချိတ်ဆွဲထားသော ယမ်းခွက် အမျိုးမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော သစ်လုံးကြီးများအား မီးစွဲလောင်နေ လျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေ ရွစိရွစိ ဖြစ်နေကြသည်။

မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားဖို့ သူတို့အားလုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြ ပြီးပြီ။ ကျန်သည့် အပိုင်းကတော့ ကံကြမ္မာ၏ အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ တစ်လက်မချင်း တစ်လက်မချင်း သယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။

လေ၏ အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သား အားလုံးကတော့ မီးပုံးပျံ လွှတ်တင်ခြင်း အတတ်ပညာအရ တည့်တည့်မှန်မှန် တက်အောင် ထိန်းချုပ် လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတစ်ခု ချွတ်ချော်ပြီး ကောင်းကင်သို့ မတက်ဘဲ မီးလောင်ပျက်စီး သွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်း အတူတူဆိုလျှင် “ ညမီးကျီး” အမျိုးအစား မီးပုံးပျံက မီးလောင်လျှင် ယမ်းပိဿာချိန် များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။ ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။

အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခု ကွဲပြား၏။ တစ်ခုက “ စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက် မီးပုံးပျံ အမျိုးအစား၊ နောက်တစ်ခုက “ညမီးကျီး” ဟုခေါ်သော မီးရှူးမီးပန်း ဖောက်သည့် အမျိုးအစား။

စော၏ ယခု နှစ်ည သုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရ ပြောရလျှင် “ညမီးကျီး” မီးပုံးပျံက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။ သူက ကောင်းကင်အမြင့်သို့ ရောက်သောအခါ တစ်ဆင့်ပြီး တစ်ဆင့် အမျိုးမျိုး ကွဲပြားစွာ၊ လှပစွာ ပေါက်ကွဲပြလေသည်။

ဘေးပတ်ဝန်းကျင် လေထုထဲ၊ အမှောင်ထဲသို့ တည့်တည့်ထိုးဖောက်ဖြာထွက်သော မီးရှုးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ငါးကလေးတွေ ရေမှာ လွန့်လူး ကူးခတ်သလို လှစ်ခနဲ လှစ်ခနဲ ဖြာထွက်သော မီးရှူးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ခိုကလေးတွေ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာ ဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက တစ်ဆင့်။ ကောင်းကင်သို့ တောက်ပသော မီးပုံးပျံကြီး တက်နေသည့် အချိန်အတွင်း နောက်ထပ် ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သော မီးရှူးမီးပန်း လှလှများ၏ ပုံစံအမျိုးမျိုး၊ လှပဆန်းကြယ်မှု အမျိုးမျိုးကို စုစည်း ရောနှောကာ မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။

အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျ လှပစွာ ပေါက်ကွဲအောင် တွက်ချက်ပြီး တပ်ဆင်ယူရသည့် အတတ်ပညာကလည်း တော်တော် ချီးကျူးဖို့ ကောင်းပါသည်။

“လေကြောင်း ပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ။ မီးပုံးပျံရဲ့ အောက်တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား”

မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျှက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏ အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့် စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွက်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား၊ လွတ်ရာကို ရွှေ့ပေးကြပါ ခင်ဗျား”

မီးပုံးပျံကြီးဆီမှ အုန်းခနဲ ပေါက်ပွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝေါခနဲ အော်ဟစ်သံများ ကြားရသည်။ စော၏ ဘေးနားက လူတွေ အထိတ်တလန့် ပြေးရာ၊ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီး ရွေ့သွားသည်။

“စော”သူ့အသံသည် အထိတ်တလန့် အော်ဟစ်နေသော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညင်သော မြေပြင် မဟုတ်။ အနည်းငယ် စောင်းနိမ့်သွားသော ဆင်ခြေလျှော မြေပြင်ဖြစ်သည်။ ထို့ကြောင့် ပြေးလွှားရင်းမှ အရှိန်မထိန်းနိုင်ဘဲ စော တစ်ချက် ခြေခေါက်ကာ လဲကျသွားသည်။ လူတွေသည် စော၏ ခြေတွေ၊ လက်တွေပေါ်သို့ အမှုမဲ့ အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှု ပေါင်းစပ်ကာ လဲရာမှ ဇွတ် ထ ထိုင်ဖို့ ကြိုးစားဆဲ လက်တစ်ဖက်က စော၏ ပုခုံးမှ ဆွဲညှစ်ကာ ထူမပေးလိုက်သည်။

“ကျေးဇူး....”ကျေးဇူးတင်စကား ဆိုဖို့ အာရုံသိစတ်ဖြင့် စကား စလိုက်ပေမဲ့ ထိုသူက စောကို လက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီး အကာအကွယ် ပေးလိုက်သဖြင့် စကားစ ပြတ်သွားသည်။ ရုတ်ရုတ်သဲသဲ လူအုပ်ကို ရှောင်ရင်း၊ မတ်မတ်ရပ် တွန်းခံရင်း အမှောင်တစ်ဝက်၊ အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏ မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ့်လား။ တောင်ပေါ်တိုင်းရင်းသား လူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”ထိုစကားကို သူကြားပုံ မရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်း ဆွဲဆုပ်ထားမိသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံးပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ ၁၀၀ - ၂၀၀ မှာ ပေါက်ကွဲ ပျက်စီးခြင်းဖြစ်၍၊ မီးတောက်မီးလျှံများ နေရာအနှံ့မှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာ မရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံ့များ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့် မှောင်နေ၏။

နောက်ထပ်ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏ လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီ လွင့်စဉ်လာနိုင်ဖွယ် မရှိသော မီးစ၊ ယမ်းစများကို ကာကွယ်ဟန်ဖြင့် လက်ကို မျက်နှာရှေ့မှာ အမှတ်မဲ့ ကာလိုက်လေသည်။ ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။

“သွားပြီကွာ”လူငယ်သည် ရွှေအင်းသား အဖွဲ့ထဲမှ ဟုတ်ဟန်တော့ မတူပါ။ သို့သော် မီးပုံးပျံကြီး ပေါက်ကွဲ ပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ရှိသည်။

“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင် တက်သွားလို့ကတော့ ကြည့်လို့ ကောင်းလိုက်မယ့် မြင်ကွင်း... ”စော၏ အနီးမှာ အားရပါးရ ညည်းညူလိုက်သံ တစ်ခုကိုလည်း ကြားရသည်။ ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ ကင်းလွတ်ခဲ့ပြီ။ စိတ်ဆင်းရဲမှု၊ အားမလို အားမရဖြစ်မှုတို့နှင့် မီးပုံးပျံကြီးအား တဖွဖွ တ သ နေကြသည်။ ကံအားလျော်စွာ မီးလောင် ပေါက်ကွဲမှုသည် ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့်၊ ပရိသတ်ထဲမှ အသေအပျောက် လုံးဝ မရှိခဲ့ဘဲ မီးဟပ်သူ၊ ဒဏ်ရာရသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။

“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှ တက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါပဲ၊ မျှော်လင့်တိုင်း မရကြပါဘူး” တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံ ကြားရသည်။

သို့သော် ပွဲကြည့်စင် အခြေမှာတော့ အသံထွက် ငိုကြွေးနေသူ တစ်ယောက်ရှိသည်။

“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”

ငိုကြွေးနေသည့် လူငယ်လေးဘေးမှ ခြေပစ်လက်ပစ် ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။

“တစ်ခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊ စိတ်ကို ဖြေပါ”

ယောက်ျား ခပ်လတ်လတ် တစ်ယောက်က ငိုနေသော လူငယ်၏ ပုခုံးကို ပုတ်သည်။

“တစ်ခါတလေ ဟုတ်လား။ တစ်နှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ ဘယ်နေရာမှ မပါခဲ့ဘူး”

“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”မကျေမနပ် ရေရွတ်သံကို ကြားရသည်။ စောသူု့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်။ နောက်နှစ်ဆိုတာ ရှိပါသေးတယ်။ အေးလေ... နောက်နှစ်အထိ အခြေအနေ ပေးလာခဲ့သေးရင်ပေါ့။ စောသူ့ကို ငေးစိုက်ကြည့်နေမိသည်။ မျှော်လင့်ချက်တွေ ပြိုကွဲ ပျက်စီးသွားသူ တစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ။

“စော”

သူမ ယောက်ျား၏အသံ။ သူမ လှည့်ကြည့်လိုက်သောအခါ လူတွေကြားထဲမှာ တိုးဝှေ့လာသော သူမ ယောက်ျားကို တွေ့လိုက်ရသည်။

“ရှာလိုက်ရတာ စောရယ်”သူ အနီး ရောက်လာပြီး စော၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။

“ကိုယ်တို့ချင်း ကွဲသွားရင် ဘယ့်နှယ်လုပ်မလဲ၊ မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”“မင်းကို ပြောလိုက်ရင် အဲဒီလိုချည်းပဲ၊ လာ.. ပြန်ကြစို့၊ အေးလည်း အေးလှပြီ။ခုဟာက ကံကောင်းလို့ မသေတာ”

ထို့နောက် သူသည် အငိုတိတ်စ ပြုနေပြီဖြစ်သော၊ အံတင်းတင်း ကြိတ်ထားသော ရွှေအင်းသား လူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောက်ျားတစ်ယောက်၏ အငိုမျက်နှာကို သူမကြည့်ချင်၊ မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။

“သနားပါတယ်နော်”စော သူနှင့်အတူ လိုက်လာရင်း ရေရွတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်သည်။

“အေးလေ... နှစ်သိန်းကြီးများတောင်”

စော သူ့ကို ဖျတ်ခနဲ မော့်ကြည့်မိသည်။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိက မကျဘူး။ သို့သော် ဤခံစားချက်ကို သူနားလည်မည့်ပုံ မပေါ်သဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။

“မအေးဘူးလား စော”

“အင်း.... ခုမှ အေးမှန်းသိတော့တယ်”

“ကိုယ်တော့ ခိုက်ခိုက်တုန်နေပြီ”မနက်ဖြန် စောတို့ ပြန်ကြတော့မည်။ ၅ ရက်ကြာ ခွဲခွားထားခဲ့သော သမီးလေးဆီ ပြန်ကြတော့မည်။ သမီးလေးအတွက် တိုင်းရင်းသား ၀တ်စုံလေးတစ်စုံ လက်ဆောင်ပါလာသည်။ သူမ စိတ်မှတ်မထင် ပြုံးမိသွား၏။

“အခု ဆက်လက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ ဖြစ်ပါတယ်။ ဖိုးသာထူးအဖွဲ့က လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားဟာလည်း “ ညမီးကျီး” ပဲဖြစ်ပါတယ်”

သြော်... အခုဟာ ရိုးရိုး မီးပုံးပျံ လွှတ်နေတာ မဟုတ်၊ ပြိုင်ပွဲလုပ်နေတာ ပါလားဟု သတိရသွား၏။ ရွှေအင်းသား အဖွဲ့၏ ဆုံးရှုံးမှုများမှ ထင်တာထက် ပို ကြီးမားပါလိမ့်မည်။

အချိန်ကာလ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှု နာမည်၊ စိုက်ထုတ်လိုက်ရသည့် ခွန်အား၊ အားလုံးထက် ပို၍ ဆုံးရှုံးလိုက်ရသော အရာမှာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မည်။

“ကိုယ် နားမလည်တာက ဒီငွေတွေကို မီးပုံးပျံ လုပ်ပြီး မီးရှို့ပွဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာ ရှိသေးလဲ။ ကောင်းကင်အမြင့်ကျမှ ပေါက်ကွဲကွဲ၊ မြေပြင်နဲ့ နီးနီးပဲ ပေါက်ကွဲ ပေါက်ကွဲ၊ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ။ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အန္တရာယ် မရှိရင် ပြီးတာပဲ မဟုတ်လား”

“ထူးခြားတာပေါ့”“ဘာ ထူးခြားတာလဲ”

ဘုရားစောင်းတန်း ရှိရာသို့ လျှောက်လာရင်း စောသည် မီးပုံးပျံ ကွင်းပြင်ဆီသို့ တစ်ချက် ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက် ပို၍ ရှင်းပြပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

“မီးပုံးပျံ လွှတ်တယ် ဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးပျက်စီးမှာ ဆိုတာ မှန်ပါရဲ့။ အခုလို ညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှု ပိုတယ်။ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ တစ်ခုပဲ။ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလို လှလှပပ တစ်မျိုးပြီး တစ်မျိုး ပေါက်ကွဲဖို့က နောက်တစ်ဆင့်။ အခုလို ဘာမှ မရလိုက်ဘဲ အလဲလဲ အကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ။ ဘယ်သူမဆိုလေ... ဂုဏ်သိက္ခာရှိရှိ၊ က္ကုနြေ္ဒရရ လှလှပပလေး ပေါက်ကွဲ အဆုံးသတ် သွားချင်တာချည်းပါပဲ”

စော၏စကားကို သိပ်နားလည်ပုံ မပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။

“ကျွန်မလည်း ဘ၀နဲ့ ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်အလန့် အလဲလဲ အကွဲကွဲတော့ အဆုံး မသတ်သင့်ဘူး။ လှလှ ပပ သိက္ခာရှိရှိလေး... ”သူရယ်မောသည်။

“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”“သမီးလေး မြန်မြန် ကြီးပြင်းစေချင်လှပြီ”သူမ ညည်းညည်းကလေး ပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။

လောကတစ်ခုလုံးမှာ သူမ ဂရုစိုက်ဆုံး အရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။

ဂျူး (မဟေသီ၊ သြဂုတ် ၂၀၀၀)


Thursday, September 30, 2010

မေတ္တာပန်းခိုင်မှ ပန်းတပွင့်

ခက်မာ

စက်တင်ဘာ ၂၉၊ ၂၀၁၀

ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။

ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။

တကယ်တော့ ၂၀၀၆ ခုနှစ်လောက်အထိ ဆရာနှင့်ကျမက ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါသည်။ ဆရာ့နာမည်ကို ကြားဖူးနေတာ၊ ဆရာ့ကိုမြင်ဖူးနေတာကတော့ ကြာလှပြီပေါ့။ ဒါပေမယ့် ကြားထဲက မိတ်ဆက်ပေးမည့်သူ မရှိတာရော၊ ကျမကိုယ်တိုင်က နှုတ်စ လျှာစ နည်းတာရောကြောင့် ဆရာနှင့် ကျမ မနီးစပ်ခဲ့ပါ။ တခါတရံ စာပေနှင့်ပတ်သက်သောပွဲတချို့မှာ ဖြစ်စေ၊ ရန်ကုန်မြို့လယ် တနေရာရာမှာဖြစ်စေ ဆရာ့ကို လှမ်းတွေ့ရတတ်သည်။ ဆရာ့ကို တယောက်တည်းတွေ့ရချိန်များမှာ ဆရာက ဘေးဘီဝဲယာကို သိပ်အာရုံ မစိုက်ဘဲ ရှေ့တူရူကိုသာ ကြည့်၍ တစုံတရာကိုအာရုံပြုရင်း လမ်းလျှောက်နေပုံပေါ်သည်။ ဆရာ့ကို အပေါင်းအသင်းတွေနှင့် တွေ့ရချိန်များမှာတော့ ဆရာ့မျက်နှာပေါ်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းသည့် ဖြူစင် ရိုးသား ပွင့်လင်းသော အပြုံးကိုပါ တွဲလျှက်တွေ့ ရမြဲဖြစ်သည်။ ဆရာနှင့်ပုဂ္ဂိုလ်ရေးအရ မရင်းနှီးခင် ထိုကာလများကတည်းက ပုလဲလိုဖြူလက်နေသော သွားများပေါ်အောင် ဆရာပြုံးနေတာ မြင်ရတိုင်း ဆရာ ဦးမိုးဟိန်း ပြုံးတာ တော်တော်ချစ်စရာကောင်းတယ်ဟု တွေးမိမြဲဖြစ်သည်။

၁၉၉၄၊ ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာ စာရေးဆရာ၊ ကဗျာဆရာသူငယ်ချင်းတွေနှင့် ကျမ ပျဉ်းမနားကို ခပ်စိတ်စိတ်ရောက်ဖြစ်သည်။ ဧည့်ဝတ်ကျေသော ပျဉ်းမနားမြို့ခံ ကဗျာဆရာ၊ စာရေးဆရာတွေနှင့် ကျမတို့ စကားများစွာ ပြောခဲ့ကြသည်။ ဤသို့ စကားဝိုင်းဖွဲ့ဖြစ်တိုင်း ဦးဇော် (ဇော်-ပျဉ်းမနား) က သူ့ကဗျာတွေ ရွတ်ပြတတ်သည်။ ကဗျာတပုဒ်ရွတ်ပြီးလျှင် အဲဒီကဗျာက ဘယ်မဂ္ဂဇင်းမှာ ဘယ်ခုနှစ်၊ ဘယ်လက ပါတာဆိုတာမျိုး ပြောပြတတ်၏။


“ဒီကဗျာကို ကိုမိုးဟိန်းကို ဘာသာပြန်ခိုင်းထားတယ်။ ဦးဇော်ရဲ့ မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ထုတ်မယ့် ကဗျာပေါင်းချုပ်အတွက်လေ။ ကဗျာကို ဘာသာပြန်တဲ့နေရာမှာတော့ ကိုမိုးဟိန်းက ရှာမှရှားပဲ။ သမီး မှတ်ထား သိလား။ သမီးစာတွေ ဘာသာပြန်ဖို့ရှိလာရင် ကိုမိုးဟိန်းဆီကို ရောက်အောင်သွား။ သူက အင်္ဂလိပ်စာ သိပ်ကောင်းသလို စိတ်ထားလည်း သိပ်ကောင်းတယ်”

ဦးဇော်ထံမှ ဤသို့သောစကားမျိုး နှစ်ခါ သုံးခါထက်မနည်း ကြားခဲ့ဖူးတာ ကျမ မှတ်မိနေသည်။ ထို့ကြောင့်ပင် ၂၀၀၆ ခုနှစ်မှာ ကျမဝတ္တုတိုနှင့် ကဗျာတချို့ ဘာသာပြန်ဖို့ဖြစ်လာသောအခါ ကျမ ခေါင်းထဲကို ဆရာဦးမိုးဟိန်းဆိုသော နာမည်က ဒိုင်းခနဲ ရောက်လာသည်။ ဒါပေမယ့် ဆရာနှင့်ကျမကို ဆက်စပ်ပေးမည့်သူ မရှိခဲ့ပါ။ နောက်တော့မှ ဦးဇော်နောင် (ကဗျာဆရာ ဇော်နောင်) နှင့် စကားစပ်မိသွားတော့ ဦးဇော်နောင်က “ခက်မာ ကိုမိုးဟိန်းကို တွေ့ချင်ရင် ၃၉ လမ်းက ဆုစာပေတိုက်ကိုလာခဲ့” ဟု ပြောသည်။ ကျမ အချိန်ဆိုင်းမနေဘဲ နောက် တရက် နှစ်ရက်အတွင်းပဲ ဆရာဦးမိုးဟိန်းကို ထိုစာပေတိုက်မှာ သွားတွေ့ခဲ့သည်။ (ဦး)ဇော်နောင်နှင့်အတူ ဆရာက ကျမ ချစ်သော ပွင့်လင်းနွေးထွေးအပြုံးနှင့် ကျမကို ကြိုဆိုခဲ့ပါသည်။


“သမီးရဲ့ဆရာတယောက်က အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်မှာ နှစ်တိုင်းကျင်းပတဲ့ International Writing Program ကို လျှောက်ဖို့ အကြံပေးတယ် ဆရာ။ အဲဒါ သမီး လျှောက်ကြည့်မလားလို့။ လျှောက်လွှာမှာ writing sample တချို့ ထည့်ပေးရတယ်လေ။ သမီးမှာ အန်တီသိင်္ဂီ ဘာသာပြန်ပေးလားတဲ့ ဝတ္တုတိုတပုဒ်တော့ ရှိတယ်။ နောက်ထပ် နှစ်ပုဒ်လောက် ထပ်ထည့်ချင်လို့ပါ။ အဲဒါ ဆရာ ကူညီပေးပါလို့”


“ဟာ .. ကူညီရမှာပေါ့။ လူငယ်တွေ အဲ့ဒီလို ကြိုးစားပြီး အတွေ့အကြုံရှာနေကြတာ ဆရာသိပ် သဘောကျတယ်။ မသိင်္ဂီ ပြန်ပေးထားတာ တပုဒ်ရှိတယ်ဟုတ်လား။ သိပ်ကောင်းတယ်။ မသိင်္ဂီ ဘာသာပြန်ပေးတာဆိုရင်တော့ ပြောစရာမရှိဘူး။ သူက သိပ်တော်တာ”

ဆရာက ကျမအကူအညီတောင်းတာကို စိတ်ပါလက်ပါ လက်ခံရင်း အန်တီ သိင်္ဂီကိုလည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးသည်။


“တကယ်က အန်တီ သိင်္ဂီ က သမီးဝတ္တုတွေ ပေးထား၊ အန်တီ အဆင်ပြေတဲ့အချိန် ဘာသာပြန်ထားမယ်လို့ ပြောပါတယ်။ သမီးက မပေးဖြစ်တာပါ”

ကျမက ကိုယ့်ပျက်ကွက်မှုကိုဖွင့်ဟတော့ ဆရာက ကျမနှင့်တွေ့စကတည်းက မပျယ်သေးသော အပြုံးနှင့် မသိင်္ဂီက သိပ်တော်တယ် ဟု ထပ်ပြောသည်။ ထိုအချိန်ထဲက ဆရာ သည် တဖက်သား၏ အရည်အသွေးကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ချီးမွမ်းတတ်တာကို သတိထားမိခဲ့သည်။ ထို့နောက်ပိုင်း ဆရာနှင့်ကျမ မကြာခဏ တွေ့ဖြစ်သည်။ မြို့ထဲမှာ တွေ့ကြသလို ဘောက်ထော်က ဆရာ့အိမ်ကိုလည်း ကျမ မကြာခဏ ရောက်သည်။ ကျမ၏ ဝတ္တုတို နှစ်ပုဒ် သုံးပုဒ်နှင့် ကဗျာနှစ်ပုဒ်ကို ဆရာ့အားပေးပြီး ဆရာကောင်းမယ်ထင်တာ ဘာသာပြန်ပေးပါဟု အပ်ခဲ့သည်။ နောက်တခါထပ်တွေ့တော့ ဆရာက ကဗျာနှစ်ပုဒ်စလုံးကို ဘာသာပြန်ပြီးနေပြီ။

“ဝတ္တုတိုကိုတော့ ‘လက်ဆောင်ကောင်း’ ဆိုတာလေးကို ဘာသာပြန်မယ်လို့ စဉ်းစားတယ်။ အဲ့ဒီ ဝတ္တုလေးက မိခင်မေတ္တာလည်း ပေါ်တယ်။ မြန်မာအမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ထားရတာလိုမျိုး အင်မတန် အရေးကြီးတဲ့အချိန်မှာ ဘယ်လို တွေးတော ဖြတ်သန်းသလဲဆိုတာကိုလည်း မြင်နိုင်တယ်။ အနောက်နိုင်ငံသားတွေက အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အင်အားကိုဖွဲ့တာမျိုးကို ကြိုက်တယ်။ ခက်မာ သဘောထားကိုမေးချင်လို့ မစသေးပဲ စောင့်နေတာ”

“ဟာ .. ဆရာက သမီးထက် ပိုနားလည်ပါတယ်။ ဆရာ ကောင်းမယ်ထင်တာကိုပဲ ပြန်ပါ။ သမီးက ဘယ်ဝတ္တုကို ဘာသာပြန်သင့်သလဲ တကယ်နားမလည်လို့ပါ”

ကျမက ထိုသို့ပြောတော့ ဆရာက ထုံးစံအတိုင်း လှိုက်လှိုက်လှဲလှဲပြုံးကာ ‘မဟုတ်ပါဘူး၊ ခက်မာ နားလည်ပါတယ်။ လူငယ်တွေက တော်ကြတယ်’ ဟုပြောရင်း ‘ဒါဆို လက်ဆောင်ကောင်း ကိုပဲ ဘာသာပြန်လိုက်တော့မယ်နော်’ ဟု အတည်ပြုချက် ထပ်ယူသည်။

နောက်ပိုင်းဆရာနှင့်တွေ့ချင်လျှင် ကျမက ဆရာ့အိမ်သို့ပဲ သွားတော့သည်။ ကျမ နေသော သာကေတ က ဆရာနေသော ဘောက်ထော်နှင့် အတော်နီးသည်။ သုဝဏ္ဏတံတားကို ကျော်လိုက်လျှင်ပဲ ဆရာ့အိမ်နှင့် အတော်နီးသွားပြီ။ နောက်တချက်ကတော့ မြို့ထဲမှာဆရာ့ကိုတွေ့ရတာ အားနာ၍ဖြစ်သည်။ ထုံးစံအတိုင်း ကျမတို့က လူချင်းဆုံတာနှင့် လက်ဘက်ရည်ဆိုင်များဘက် ခြေဦးလှည့်ကြတာ မဟုတ်လား။ ဆရာက သတ်သတ်လွတ်စားသည့်အပြင် ဥပုသ်ကလည်း စောင့်သေးလေတော့ ကျမတို့ လက်ဘက်ရည်ဆိုင်ထိုင်လျှင် ဆရာ့ကို အတော်အားနာရသည်။

ဆရာ့အိမ်ရောက်လျှင်တော့ ကော်ဖီ အမြဲသောက်ရသည်။ ဆရာကတော့ ဘာမှ မသောက်မစားပဲ စကားသာ တွင်တွင်ပြောသည်။

“ပထမတော့ ခက်မာရဲ့ဝတ္တုမဟုတ် ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ရင် ကောင်းမလား စဉ်းစားမိသေးတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်လေ”


လူတွေကို ကယ်တင်နေပါသည်ဟု ကြွေးကြော်တတ်သော ဘိုးတော်လေး တယောက်အကြောင်း ရေးထားသည့် ကျမ ဝတ္တုကလေးအကြောင်းမှသည် ကျမတို့ ကိုးကွယ်ရာဆိုတာတွေဆီလည်း စကားရောက်သွားတတ်ကြသည်။

“တို့ဆို ဘုရားပေါင်းစုံ၊ နေရာပေါင်းစုံမှာ တရားလိုက်ထိုင်လာတာ။ အဲဒီထက် ထူးဆန်းတာတွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမယ့် ထူးဆန်းတိုင်း ကိုးကွယ်ရာလားဆိုတာ စဉ်းစားရမယ်။ တို့လို ထေရဝါဒ ဗုဒ္ဓဘာသာတွေအတွက်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်လမ်းသည်သာ အရေးအပါဆုံး၊ အမြင့်မြတ်ဆုံးပါ”

အဲဒီနှစ်က အန်တီ မသိင်္ဂီ ဘာသာပြန်ပေးသော “Overture” ဆိုသော ဝတ္တုတိုတပုဒ် အပါအဝင် ဆရာ ဘာသာပြန်ပေးသော ကဗျာနှစ်ပုဒ်နှင့် ဝတ္တုတိုတပုဒ်ကို နမူနာအဖြစ်တင်ပြ၍ International Writing Program ကို လျှောက်လွှာပို့လိုက်သည်။

တရက် ကျမ ဆရာ့အိမ်ရောက်သွားတော့ ဆရာ့ကို အလွန် အားတုံ့အားနာနေဟန်နှင့် တွေ့ရသည်။

“ခက်မာကို ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ခက်မာ International Writing Program ကိုတင်ပြဖို့အတွက် စာတွေကို ဆရာကဘာသာပြန်ပေးနေချိန်မှာ အမေရိကား တောင်ပိုင်း အီလီနွိုင်းတက္ကသိုလ်က ဆရာကြီး ဦးစောထွန်းက အဲဒီပရိုဂရမ်အတွက် ဆရာ့ကို နာမည်စာရင်းသွင်းထားတယ် တဲ့။ ခု ဆရာ့ဆီကို International Writing Program တက်ဖို့ အကြောင်းကြားစာ ရောက်လာတယ်”

ဆရာက ကျမကို အလွန်အားနာဟန်ပေါက်နေသောကြောင့် ကျမက ဆရာ့ကို ပြန်အားနာရသည်။

“ဟာ .. ကောင်းတာပေါ့ ဆရာရယ်။ ဆရာ့လိုလူမျိုးသွားရတာ ပိုအကျိုးရှိတာပေါ့။ သမီးတို့လည်း ဆရာရလာမယ့် အတွေ့အကြုံတွေကိုကြည့်ပြီး ပြင်ဆင်လို့ရတာပေါ့။ တကယ်တော့ သမီးက လျှောက်မယ့်သာလျှောက်တာ။ သွားရမှာ ကြောက်တယ်။ သမီးက English လည်း မကောင်းဘူးလေ။ သမီးမှာ လေ့လာဖို့အချိန် ပိုရသွားတာပေါ့”

ဆရာ ရွေးချယ်ခံရခြင်းအတွက် ကျမ တကယ့်ကို ဝမ်းသာပါသည်။ ကျမ၏ လှိုက်လှိုက် လှဲလှဲ ဝမ်းသာဟန်ကြောင့် ဆရာလည်း အားနာရိပ်တွေ နည်းနည်းလျှော့သွားသည်။ ဆရာ International Writing Program သွားနေချိန်မှာ ကျမက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Commumity Depelovement & Civic Empowerment သင်တန်းသွားတက်ဖြစ်သည်။

ဆရာက ၂၀၀၆ နိုဝင်ဘာမှာပြန်ရောက်ပြီး ကျမက ၂၀၀၆ ဒီဇင်ဘာမှာ ပြန်ရောက်သည်။ ကျမ ချင်းမိုင်မှာရှိနေစဉ်မှာပဲ International Writing Program က ၂၀၀၇ ခုနှစ် အစီအစဉ်အတွက် လျှောက်လွှာနှင့် Writing Sample ပို့ရန် လှမ်းအကြောင်းကြား လာသည်။ ဆရာက ကျမ ပြန်ရောက်လျှင် သူ့ကိုလာတွေ့ဖို့ ဦးဇော်နောင် အပါအဝင် လူနှစ်ယောက်သုံးယောက်နှင့် မှာထားသည်။ ကျမ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဆရာ့ကို ဆရာ့အိမ်မှာ သွားတွေ့တော့ ထုံးစံအတိုင်း နွေးထွေးဖြူစင်သော ဆရာ့အပြုံးကို ခံစားရတာ ကြည်နူးဖွယ်ကောင်းလှသည်။

“ကဲ .. လာပါ၊ လာပါ ခက်မာရေ။ မျှော်နေတာ။ ပြောပြချင်လို့”

ဆရာက ရန်ကုန်မှ စထွက်ကတည်းက တွေ့ကြုံရတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသည်။ သပ်သပ်လွတ်အပြင် ဥပုသ်စောင့်သူမို့ ဒုက္ခရောက်ရပုံတွေ။ ဟိုမှာ ဖတ်ရသည့် စာတန်းတွေ၊ ပူးပေါင်းပါဝင်ရမည့် အစီအစဉ်တွေ၊ ဘာတွေ ပြင်ဆင်သွားသင့်ကြောင်းတွေ။

“ပရိုဂရမ်ပြီးဖို့ တလလောက်လိုကတည်းက သူတို့က နောက်နှစ်အတွက် ဘယ်သူ့ကို ဖိတ်ခေါ်စေချင် သလဲ မေးတယ်။ ပုံမှန်ကတော့ အီးမေးလ်ပို့ပြီး မေးတာပေါ့။ ဆရာက သူတို့ဆီက ကွန်ပျူတာလည်း မငှားဘူး။ အင်တာနက်လည်း မသုံးဘူးလေ။ သူတို့ ပရင့်ထုတ်ပေးတဲ့ ဖောင်ပေါ်မှာ နောက်နှစ်အတွက် ဖိတ်ခေါ်စေချင်သောသူဆိုတဲ့နေရာမှာ ခက်မာဆိုပြီး လက်ရေးနဲ့ကို အသေအချာ ရေးခဲ့တယ်”

“ဟုတ်ကဲ့။ ပရိုဂရမ်က သမီးဆီကို အကြောင်းကြားတယ် ဆရာ။ Writing Sample တွေ ပို့ပါတဲ့။ သမီး ပို့လိုက်ပြီ။ သူတို့က ဆရာ့ဆီက ထောက်ခံစာလေးပါ တောင်းပေးပါ တဲ့”

“ဟာ .. ဟုတ်လား။ အကြောင်းတောင်ကြားပြီးပြီလား။ ကောင်းလိုက်တာ၊ ဝမ်းသာလိုက်တာ။ ရေးပေးမှာပေါ့။ ပရိုဂရမ် ဒါရိုက်တာက ခရစ်စ် ဆိုတဲ့ ကဗျာဆရာကြီး၊ သူ့ဆီကို ထောက်ခံစာ ရေးပေးမယ်”

ဒီတခါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာသူက ဆရာဖြစ်သည်။ အဲဒီမှာ လုပ်ရမယ့်အလုပ်တွေ သမီး လုပ်နိုင်မယ်လို့ထင်သလား ဆရာ၊ ဆရာ ဘယ်လိုထင်သလဲဟု ကျမကမေးတော့ ဆရာက အားရပါးရ ပြန်ဖြေသည်။

“ဘာလို့မလုပ်နိုင်ရမှာလဲ။ ခက်မာ ကောင်းကောင်းလုပ်နိုင်တယ်။ ဒီကနေ ကောင်းကောင်းသာ ပြင်ဆင်သွား။ ဆရာလည်း ဝိုင်းကူမှာပေါ့”

ပြောပြောဆိုဆို ဆရာက ဖိုင်ကြီးတခုကို ဆွဲထုတ်လာသည်။ ဖိုင်ထဲမှာ International Writing Program တက်ရောက်ဖို့ စတင်ဖိတ်ကြားသည်မှစကာ ပရိုဂရမ်မှပြန်လာသည်အထိ ပရိုဂရမ်မှ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆက်သွယ်မေးဖြေထားသော အီးမေးလ်တွေကို ပရင့်အောက်ထုတ်ကာ သပ်သပ်ရပ်ရပ် ဖိုင်တွဲထားသည်။ အင်မတန် အင်္ဂလိပ်စာတော်သည်ဟု နာမည်ကြီးသော ဆရာ့မှာ ကိုယ်ပိုင်အီးမေးလ်အကောင့် မရှိပါ။ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတခု၏ လိပ်စာနှင့်ဆက်သွယ်ပြီး အဝင်အထွက် အီးမေးလ်ဟူသမျှကို ပရင့်အောက်ထုတ်၍ သိမ်းထားသည်။

“ကဲ .. သမီိး ဒီဖိုင်ကို ယူသွား။ အဲဒီအထဲမှာ သမီး လိုအပ်သမျှ အကုန်ပါတယ်။ မရှင်းတာရှိရင် ဆရာ့ကို မေး”

ဖိုင်တွဲကြီးကို ကျမလက်ထဲ ထိုးထည့်နေသော ဆရာ့ကိုကြည့်ကာ ကျမ ဘာပြန်ပြောရမှန်း မသိအောင် အံ့သြသွားသည်။ ဝမ်းလည်းသာသွားသည်။ ဆရာ၏ စိတ်ရှင်းမှုနှင့် စေတနာ ထက်သန်မှုက အံမခန်းပါပင်။ ၂၀၀၇ နှစ်ဆန်းမှသည် International Writing Program အတွက် ကျမ အမေရိကားမသွားခင် သြဂုတ်လအထိ ကျမတို့ မကြာမကြာ တွေ့ကြသည်။ တွေ့တိုင်း ဆရာက သူ၏ ပရိုဂရမ် အတွေ့အကြုံတွေကို နည်းနည်းစီ ပြောပြသည်။ ရယ်စရာတွေလည်း ပါ၊ ဂုဏ်ယူစရာတွေလည်း ပါ၊ အံ့သြစရာတွေလည်း ပါ၊ မှတ်သားစရာတွေလည်းပါသော ဆရာ့ အတွေ့အကြုံတွေက ကျမအတွက်တော့ အဖိုးမဖြတ်နိုင်ပါ။ ကျမမှာ အစစ ကြိုတင်ပြင်ဆင်ချိန် ရသဖြင့် ကြောက်စိတ်တွေ လျှော့ပါးရသည်။ ဆရာကလည်း တွင်တွင်အားပေးသည်။ ရာသီဥတု အခြေအနေက အစ၊ တွေ့ကြုံရမည့်လူတွေ အပါအဝင် လုပ်ရမည့်ကိစ္စများ၊ လုပ်သင့်သည်များကို ပြောပြသည်။

IWP ပရိုဂရမ်မှာ Panel တခုလုပ်ဖို့ ခေါင်းစဉ်တချို့ကြိုပေးတော့ ကျမက ဆရာ့ဆီ ပြေးသွားပြန်သည်။

“သမီးက A Key Book from My Bookshelf ဆိုတဲ့ ခေါင်းစဉ်ကိုပြောမယ် စဉ်းစားတယ် ဆရာ”

“ကောင်းပါတယ်။ ပြောစရာ စာအုပ်တွေ အများကြီးပါ”

ကျမက ကျမ တကယ်ကြိုက်ပြီး မကြာခဏလည်း ပြန်ဖတ်မိသည့် ဆရာမြသန်းတင့် ဘာသာပြန်သော အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်လ်၏ “လေရူးသုန်သုန်” အကြောင်း ပြောချင်သည်ဟုပြောတော့ ဆရာက ခဏစဉ်းစားသည်။

“လေရူးသုန်သုန်က ပြောစရာမလိုအောင်ကောင်းတဲ့ စာအုပ်ပါ။ ကောင်းမှန်းလည်း လူတိုင်း သိတယ်။ ဆရာ အကြံပေးချင်တာကတော့ လူတိုင်းသိပြီးသားစာအုပ်ကို မိတ်ဆက်ပေးတာထက် ဟိုကလူတွေမသိတဲ့ မြန်မာစာအုပ်တအုပ်အကြောင်း ပြောတာက ပိုကောင်းမယ်ထင်တယ်။ ကိုယ့်မြန်မာစာပေကိုလည်း ချီးမြှောက် မိတ်ဆက်ရာကျတာပေါ့”

ဆရာ့အကြံပေးမှုက တကယ်ဖြစ်သင့်တာမို့ ကျမ ချက်ချင်း စိတ်ပြောင်းသွားသည်။

“မြန်မာမဂ္ဂဇင်းတခုအကြောင်း ပြောရင်မကောင်းဘူးလား ဆရာ”

“ကောင်းတာပေါ့”

ဆရာနှင့် ကျမ ဘယ်မဂ္ဂဇင်းအကြောင်းပြောလျှင်ကောင်းမည်လဲ စဉ်းစားကြသည်။ ကျမက ကဗျာ မဂ္ဂဇင်းအဖြစ် စတင်ခဲ့သော ပိတောက်ပွင့်သစ် မဂ္ဂဇင်းအကြောင်း မိတ်ဆက်ရလျှင် ကောင်းမည်ထင်ကြောင်း ပြောတော့ ဆရာကလည်း သဘောတူသည်။ မဂ္ဂဇင်း၏ ဘယ်လို ထူးခြားချက်မျိုး ထည့်သင့်သည်မှစကာ ပိတောက်ပွင့်သစ်နှင့်အတူ စာပေစင်ပေါ် ရောက်လာသူတွေအကြောင်းကိုပါ ထည့်ပြောသင့်ကြောင်း အကြံပေးသည့်အပြင် ကျမ မြန်မာလိုရေးထားသော ကျမ ဖတ်ရမည့်စာတန်းကိုလည်း အင်္ဂလိပ်လို ဘာသာပြန်ပေးသည်။ ဆရာ၏ လှပသော လက်ရေးစောင်းစောင်းလေးများဖြင့် IWP ဒါရိုက်တာ Christopher-Merrill ဆီကိုလည်း ကျမအတွက် ထောက်ခံစာတစောင် ရေးပေးသည်။ ဆရာ့စာကို Scann ဖတ်ပြီး အီးမေးလ်နှင့် ဒါရိုက်တာဆီ ပို့ရသည်။ မသီတာ(စမ်းချောင်း) ကလည်း တွဲဖက်ဒါရိုက်တာ Hugh Ferrer ဆီ ထောက်ခံစာတစောင် ရေးပို့ပေးသည့်အတွက် အလွန်အဆင်ပြေခဲ့ရသည်။ ၂၀၀၇ သြဂုတ်လထဲမှာ ကျမ ထွက်ရတော့မည်ဆိုတော့ ဆရာက သူ့အိမ်လာခဲ့ဖို့ မှာပြန်သည်။ ကျမရောက်သွားတော့ ဆရာက နာမည်တွေ၊ ဖုန်းနံပါတ်တွေ ရေးထားသော စာရွက်တရွက်ဖြင့် စောင့်နေခဲ့သည်။

“ဒါက IWP ဒါရိုက်တာနှစ်ယောက်ရဲ့ ဖုန်းနံပါတ်၊ ဒါက အဲဒီပရိုဂရမ်အတွက် ရောက်လာတဲ့ စာရေးဆရာတွေ ကိစ္စအဝဝကို စီစဉ်ပေးတဲ့ အမျိုးသမီးကြီးရဲ့ ဖုန်းနံပါတ်၊ သူ့နာမည် မေရီ လို့ ခေါ်တယ်။ ဒါက ဆရာကြီး ဦးစောထွန်း နံပါတ်၊ ဟိုရောက်ရင် ဆရာ့ကို လှမ်းဆက်သွယ်လိုက်ပါဦး။ ဆရာ လာတွေ့လိမ့်မယ်။ ဒါက အမေရိကားမှာနေတဲ့ ဆရာ့ရဲ့ အမဝမ်းကွဲ ဖုန်းနံပါတ်။ အခက်အခဲတခုခု တွေ့ရင်ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် ဖုန်းဆက်ပြီး ဆရာ့နာမည်ပြော မိတ်ဆက်လိုက်။ သူတို့ ကူညီလိမ့်မယ်။ ပြီးရင် သမီးတို့တည်းရမယ့် အိုင်မိုဝါ ဟောက်စ်ဟိုတယ် အောက်ထပ်မှာ ကျောင်းကင်တင်း ရှိတယ်။ အဲဒီမှာ ဆူရှီဆိုင်တဆိုင် ရှိတယ်။ ပိုင်ရှင်က မြန်မာလေး။ သဘောကောင်းတယ်။ ကူညီတတ်တယ်။ သူ့ကိုလည်း သွားတွေ့လိုက်”

ဆရာက ဆန် ဘယ်မှာဝယ်၍ရသည်ဆိုတာရော၊ မိုက်ကရိုဝေ့ဗ်နှင့် ထမင်းချက်နည်းပါ မကျန် ကျမကို ပြောပြလိုက်သည်။ ဆရာ့မှာကြားချက်၊ ကူညီချက် အဖုံဖုံကြောင့် ကျမ၏ အိုင်အိုဝါခရီးက အဆင်ပြေချောမွေ့ ခဲ့ပါသည်။ ဆရာ့ကျေးဇူးတွေ ကျမအပေါ် ကြီးလှပါသည်။

၂၀၀၇ ဒီဇင်ဘာလမှာ ကျမ အမေရိကားက ပြန်ရောက်သည်။ ရောက်ပြီး တပါတ်လောက် နားပြီး ဆရာ့ကိုသွားတွေ့တော့ ဆရာက မိတ်ဆွေဟောင်းတွေသတင်းမေးဖို့ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ ခရစ်စ် နေကောင်းရဲ့လား။ ဟျူးခ်ျက ဘာမှာလိုက်သေးလဲ။ Panel Disscussion က အဆင်ပြေတယ် မဟုတ်လား။ Presentation မှာ ဘာအကြောင်းပြောခဲ့လဲ စုံနေအောင် မေးသည်။ ကျမက World Letrature Today ဟူသော Presentation တွင် မြန်မာဘာသာစကား အကြောင်းပြောရင်း ဟာသတခုပြောခဲ့ကြောင်းပြောတော့ ဆရာက ပြောပါဦးဟု တောင်းဆိုသည်။

“ကျမတို့ မြန်မာလို ‘အိုင်’ ဆိုတာ Lake ဖြစ်တဲ့အကြောင်း၊ ‘အို’ ဆိုတာကတော့ Old ပေါ့၊ ဝါက Yellow ဆိုတော့ အိုင်အိုဝါဆိုတာ မြန်မာလို အဝါရောင်ရေအိုင်အိုကြီး လို့ အဓိပ္ပာယ် ပေါက်နေတဲ့အကြောင်းပြောတော့ ကျမ လက်ချာပေးရတဲ့ မာစတာကျောင်းသားတွေက သိပ်သဘောကျပြီး ရေးမှတ်ကြတယ်လေ”

ကျမစကားကို ဆရာက ရယ်ရင်း “လူငယ်တွေများ စဉ်းစားတတ်လိုက်တာ” ဟု ရေရွတ်သည်။

“မေရီက ကျမကို မိုးနဲ့သိလားလို့ မေးတယ်ဆရာ။ မိုးက ကျမ ဆရာလို့ ပြောလိုက်တာပေါ့။ အဲဒီတော့ မေရီက ပြောတယ်။ မိုးက တရက်ကို တနပ်ပဲ အစာစားတယ်နော်။ အမေရိကရဲ့ ဆောင်းဦးမှာ သူက မြန်မာလုံချည်နဲ့ တိုက်ပုံပဲ အမြဲဝတ်တယ်။ မိုးရေ မင်းတော့ အေးပြီး ခဲသွားတော့မယ်လို့ သူ့ကို ဝိုင်းပြောကြတယ်။ ဒါပေမယ့် သူက မြန်မာဝတ်စုံကို ဝတ်မြဲပဲ။ တော်တော် ထူးဆန်းတဲ့လူပဲလို့ ပြောတယ်”

မေရီ့ကောက်ချက်ကိုကြားတော့ ဆရာက နှစ်နှစ်ခြိုက်ခြိုက် ရယ်ပြန်သည်။

“ဟုတ်လား၊ သူတို့အတွက် ဆရာက ထူးဆန်းနေတာပေါ့လေ”

၂၀၀၇ ဒီဇင်ဘာမှာ ကျမ IWP ပရိုဂရမ်က ပြန်ရောက်ပြီးနောက်ပိုင်း ဆရာ ပညာဒါနသင်ပေးနေသော အင်္ဂလိပ်စာသင်တန်းတခုကို ကျမ သွားတက်လိုက်သေးသည်။ မြန်မာ သတင်းခေါင်းစဉ်များကို အင်္ဂလိပ်လို ဘာသာပြန်သည့်ပုံ၊ အင်္ဂလိပ်သတင်းခေါင်းစဉ်များကို မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ပုံများ လေ့လာရသည်။ ကျမမှာ ဆရာ၏စာပေတပည့်အပြင် အင်္ဂလိပ်စာ သင်ကြားခံရသူတပည့် ဖြစ်ခဲ့ပြန်သည်။

ဆရာဒဂုန်တာရာက ဆရာ့မိခင် ဆရာမကြီးဂျာနယ်ကျော်မမလေးကို မေတ္တာပန်းပွင့်ဟု တင်စားခဲ့သည်။ ဆရာနှင့် ခင်မင်ရင်းနှီးချိန်ကြာမြင့်လေ လူသားတွေအပေါ်ထားသော ဆရာ့ မေတ္တာစေတနာများကို ပိုသိရလေဖြစ်သော ကျမက ဆရာ့ကိုလည်း မေတ္တာတရားနှင့်ပတ်သက် သော နမိတ်ပုံတခုနှင့် တင်စားချင်လာသည်။ ဆရာ့ မိခင်၊ ဖခင်နှင့် ဆရာတို့က ပန်းခိုင်ကြီး တခိုင်မှာ အစီအရီပွင့်နေသည့် ပန်းပွင့်ကလေးများနှယ် ကိုယ်ပိုင် အဆင်းဂုဏ်ရည်များနှင့် လှပ မွှေးကြိုင်တင့်တယ်နေသူများ မဟုတ်လား။ သည်တော့ ဆရာက မေတ္တာပန်းခိုင်မှ ပန်းတပွင့်ပေါ။့ ထိုမေတ္တာပန်းပွင့်၏ အဆင်းကိုခံစားပြီး ရနံ့ကိုရှူရှိုက်၍ ကျမ ဘဝခရီးမှာ အကျိုးများစွာ ရခဲ့သည်။

၂၀၀၈ မေမှာ နာဂစ်ဆိုင်ကလုံးက မြစ်ဝကျွန်းပေါ်ကိုဖျက်ဆီးပစ်တော့ ကျမ၏အချိန် တော်တော်များများက မြစ်ဝကျွန်းပေါ်မှာ ကုန်ခဲ့သည်။ ဒုက္ခသည်ကူညီရေးတွေကို ၂၀၀၈ စက်တင်ဘာလထိ ကျမတို့လုပ်ခဲ့ပြီး ၂၀၀၉ မှာ နောက်တကြိမ် အမေရိကားသွားဖို့ အကြောင်းပေါ် လာပြန်သည်။ ဒီတခါ ပရိုဂရမ်ကတော့ မိသားစုပါခေါ်ခွင့်ရသဖြင့် မိသားစုလိုက်ကြီး အမေရိကား ထွက်ဖို့ ကျမ အလုပ်ရှုပ်ရပြန်သည်။ ဆရာကလည်း အချိန်တော်တော်များများမှာ ပြင်ဦးလွင်က ‘ဒဟတ်’ ပရဟိတ ကျောင်းကလေးမှာသာ အချိန်တွေ ပေးထားတော့တာမို့ ကျမတို့ နည်းနည်း အနေဝေးသွားကြသည်။ ကျမထွက်ကာနီး ဆရာ့ကို နှုတ်ဆက်ဖို့ ကြိုးစားပါသေးသည်။ ဒါပေမယ့် ဆရာက ရန်ကုန်တွင်ရှိမနေသောကြောင့် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့ပါ။

၂၀၀၉ ခုနှစ်အတွင်းမှာပင် ဆရာကိုယ်တိုင်ရေးသော ဆောင်းပါးကလေးကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ မပြောပါနှင့် တော့။ ဒါပေမယ့် ဆရာ ဆေးကုနေတာပဲ။ ပျောက်သွားမှာပါဟု ကိုယ့်ကိုကိုယ် အားပေးခဲ့သည်။ ကျမ ဒီကိုလာခါနီး ဆရာ့အိမ်ကို ဖုန်းဆက်တော့ ဆရာ့အိမ်က ဖုန်းရောင်းလိုက်ပြီဟု တဖက်မှ ဖုန်းဖြေသူကပြောတာ မှတ်မိနေတာကြောင့် ဆရာ့ကို ဖုန်းဆက်ဖို့လည်း အဆင်မပြေပါ။ ဆရာက အီးမေးလ်လည်း မသုံးပြန်တာကြောင့် အီးမေးလ်ပို့ဖို့လည်း အဆင်မပြေပြန်။ ဆရာသုံးနေကျ အီးမေးလ်ဝန်ဆောင်မှုဆိုင်ကို ကျမ ကောင်းကောင်းသိသည်မို့ အဲဒီဆိုင်ကတဆင့်ပဲ အီးမေးလ်ပို့ သတင်းမေးမည်ဟု စိတ်ကူးခဲ့သည်။ ဒါပေမယ့် ဘယ်လိုစကားစပြီး သတင်းမေးရမလဲ အခက်တွေ့ ပြန်သည်။ ကင်ဆာဝေဒနာရှင်ကို ဘယ်လိုစကားနဲ့ သတင်းမေးအားပေးရပါ့။ ကျမ ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ အန်တီ သိင်္ဂီဆီက အီးမေးလ်တစောင် ရသည်။
“ဆရာ ဦးမိုးဟိန်းက ကင်ဆာကြောင့် တော်တော်နေမကောင်းဘူး သမီးရေ။ ဒါပေမယ့် ဆရာက အန်တီ အပါအဝင် လူတွေကို သူ ကောင်းပါတယ်လို့ပဲ ပြောတယ်။ လူတွေကို သူ့အတွက် မပူပင်စေချင်တာလေ။ တကယ်လည်း ဖုန်းထဲမှာတော့ သူ့အသံက လန်းဆန်းပြီး ကျန်းမာနေသလို ပဲ။ တနေ့ကတော့ သူ့သားနဲ့ တွေ့တယ်။ သူ ကောင်းပါတယ် ပြောတာတွေက တကယ် မဟုတ်ဘူးတဲ့လေ။ အန်တီ အတော်စိတ်မကောင်းဘူး။ သမီးနဲ့ ဆရာ အဆက်အသွယ်ရှိရင် သူ့ဆန္ဒအတိုင်း မသိသလိုပဲ နေလိုက်ပါကွယ်”

ဒီလိုနှင့်ပဲ ဆရာ့ကိုသိသော ကျမမိတ်ဆွေသူငယ်ချင်းတွေကိုသာ ဖုန်းနှင့်တမျိုး အွန်လိုင်း ချက်တင်မှာ တွေ့ချိန်မှာတသွယ် သတင်းမေးဖြစ်ခဲ့သည်။ သူတို့အဖြေစကားတွေက အားရစရာ မကောင်းပေမယ့် ကျမကတော့ ဆရာ ပြန်ကောင်းသွားမှာပါဟု မျှော်လင့်ခဲ့မြဲပင်။

ကျမ မျှော်လင့်ချက် မပြည့်ခဲ့ပါ။ ဆရာ ကွယ်လွန်ခဲ့ပြီ။ ဆရာ မကျန်းမာချိန်မှာ ကိုယ်ထိလက်ရောက် သတင်းမမေးဖြစ်ခဲ့လေသော ကျမကို ဆရာ ခွင့်လွှတ်ရန်သာ ဆုတောင်း ရတော့သည်။ တဖက်သားအပေါ် ကြံဖန်နားလည်ကာ အကောင်းမြင်တတ်သော ဆရာက ခွင့်လွှတ်လိမ့်မည်ဆိုတာကိုလည်း ကျမ သိသည်။
ဒီစာကိုရေးနေချိန်မှာ ဆရာနောက်ဆုံးရေးခဲ့သည်ဆိုသော “မှာပါရစေ၊ ပြောပါရစေ” ကဗျာကို ဖတ်ရသည်။ တမလွန်ခရီးအတွက် ကိုယ့်ကိုယ်ကိုသေချာလွန်းသော ဆရာ့ကဗျာကို ဖတ်ပြီး ရင်ထဲမှာ ဆို့နင့် ဝမ်းနည်းနေရင်းကြားမှ ပြုံးရသည်။ ‘ကိုယ်သေရင် မငိုနဲ့’ ဟု ဆရာက အသေအချာ မှာသွားရင်းကြားမှ ကျမ နှမျောတသစွာ ငိုမိတာကိုလည်း ဆရာခွင့်လွှတ်မည်မှာ သေချာပါသည်။

သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဤကဗျာစာပိုဒ်လေးကို ဖတ်ရပြန်တော့ ပုထုဇဉ်ပီသစွာ စိတ်လှုပ်ရှား အားတက်ရပြန်သည်။ ဆရာက မဟုတ်တာ ဘယ်တော့မှမပြောဘူး။ ဆရာ တကယ်ပြန်လာမှာ။ ပြန်လာပြီး ဆရာချစ်သော မိခင်မြေအတွက် ကောင်းကျိုးတွေကို အားတက်သရော သယ်ပိုး ဆောင်ရွက်ဦးမှာ။ မိခင်မြေကို ဆရာပြန်လာချိန်မှာ ကျမတို့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နည်းလမ်း တခုခုကို တယောက်ယောက်က ပြောပြပေးနိုင်လျှင် ဘယ်လောက် ကောင်းမည်လဲ။
ဤစာကိုရေးရင်း ကျမ စဉ်းစားမိတာတခု ရှိပါသည်။ ခုချိန်မှာ မရေရာသော မျှော်လင့်ချက်ဖြင့် ဆရာနှင့် ပြန်လည်ဆုံဆည်းရန် မျှော်လင့်ဆုတောင်းတာထက် ပိုလုပ်သင့်သော အရာတခုက ဆရာ သက်ရှိထင်ရှားရှိစဉ်ကတည်းက ဆရာ့ဂုဏ်ရည်များကို လေးစားတန်ဖိုး ထားကာ အသိအမှတ်ပြုသော စာတပုဒ် ကျမရေးခဲ့ဖို့ ကောင်းသည်ဆိုတာပဲ ဖြစ်သည်။
သက်ရှိထင်ရှား ရှိနေစဉ်ကာလများမှာ တဦးကိုတဦး ချစ်ခင်တန်ဖိုးထားသော စိတ်နှင့် တဦး၏ ဂုဏ်ရည်ကိုတဦးက အလေးအနက်ထား အသိအမှတ်ပြုခြင်းဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင် နွှဲနေသောလူသားမှာ အပြုံးများစွာနှင့် ပီတိ အားအင်တွေ တိုးလာလိမ့်မည်။ လူသားအချင်းချင်း တဦးနှင့်တဦး ပီတိကိုခံစားရစေခြင်းက သေဆုံးမှ နှမျောတသ ဝမ်းနည်းကြောင်းစာတွေ ရေးပြတာထက် ပိုအဓိပ္ပာယ်ကြွယ်ဝလိမ့်မည် ထင်ပါသည်။ ကျမကတော့ ဆရာ့အပေါ် အကြွေးတင်ခဲ့ပြီ။

၂၅ သြဂုတ်၊ ၂၀၁၀

Sunday, September 26, 2010

ကြိုး

(ကျွန်တော် ဖတ်မိသမျှ ဝတ္ထုတိုများထဲက ကြိုက်နှစ်သက်မိတဲ. ဆရာမ ဂျူး ရဲ. ဝတ္ထုတို တစ်ပုဒ် ကို တင်ပေးလိုက်ပါတယ်။ ဆရာမ ရဲ.ခွင်.ပြုချက်မယူဘဲ တင်ပြမိတဲ. အတွက် အနူးအညွတ် တောင်းပန်လိုက်ပါတယ်။ ဆရာမ ဂျူး အပါအဝင် မိတ်ဆွေအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ.ကြပါစေ)

ကြိုး (ရေးသူ- ဂျူး)
ကျွန်တော် စဉ်းစားခဲ့မိသမျှ ကြိုးတစ်ချောင်း၏ အသုံးဝင်ပုံများတွင် ထူးဆန်းသော အသုံးပြုနည်း တစ်နည်း အကြောင်း ထပ်မံဖြည့်စွက် လိုက်ရသည့် အချိန်တွင် ကျွန်တော့်အသက် ၁၀ နှစ်သားသာ ရှိသေးသည်။
ထိုအချိန်က ကျွန်တော့်အတွက် မြင်မြင်သမျှသည် ပျော်ရွှင်ကျေနပ်စရာတွေချည်း ဖြစ်၏။
ကျွန်တော့်မိဘများသည် သာမန် လက်လုပ်လက်စားဆင်းရဲသားများသာ ဖြစ်သော်လည်း သူတို့သည် ရရာဘဝမှာ ရရာငွေကြေးဖြင့် ရောင့်ရဲကျေနပ်ကြသူများ ဖြစ်သည်။ တစ်ခါတစ်ခါ နောက်တစ်နေ့ နံနက်မှာ ထမင်းချက်ရန် ဆန်မရှိ။ သို့သော် ထိုညများတွင် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။ အိပ်မက်ထဲမှာ ကျွန်တော်မက်သမျှ အရာထဲတွင် (သူငယ်ချင်းတစ်ယောက်အိမ်မှာ ကျွန်တော် မြင်တွေ့ခဲ့ရသော) ပုဇွန်ထုတ်ကွေးကြီးများပင် ပါဝင်တတ်သေးသည်။ ကျောင်းမှာ စာအုပ်ဖိုး၊ တံမြက်စည်းဖိုး၊ သောက်ရေအိုးစင်ဖိုး မပေးနိုင်သည့် ရက်များတွင် ကျွန်တော်သည် ကျောင်းလစ်ပစ်လိုက်ရုံမှတပါး အခြားဖြေရှင်းစရာနည်းလမ်းမရှိခဲ့ပေ။ သို့သော် ကျွန်တော်တို့ ကြာရှည်စိတ်ညစ်နေခဲ့ခြင်းမရှိ။ ကျွန်တော်တို့ ဘဝမှာ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ အတွက် စိတ်ဝင်စားစရာ အရာများစွာ ရှိနေသေးသည်။ ထို့ပြင် ကျွန်တော့် မိဘများသည် ရှေးဘဝအတိတ်၏ ကုသိုလ်ကံကို ယုံကြည်သတ်ဝင်သူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ဤဘဝမှာ ဒေါသများ၊ နာကျည်းမှုများ၊ အံ့သြတုန်လှုပ်မှုများ ကင်းဝေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ကျွန်တော် ကျောင်းသွားရာလမ်းတွင် လှပမြင့်မားသော အိမ်ကြီး တစ်အိမ်ရှိသည်။ ထိုအိမ်၏ ပိုင်ရှင် ဦးလေးကြီးသည် ကျွန်တော့်ကို သနားကရုဏာသတ်စွာ မုန့်ဖိုးပေးလေ့ ရှိသောကြောင့် ထိုအိမ်သို့ ကျွန်တော် မကြာခဏသွားရောက်လေ့ရှိပါသည်။ ထိုအိမ်သည် အသက် ၁၀ နှစ်အရွယ် ဆင်းရဲသား ကလေးတစ်ယောက်အတွက် နန်းတော်ကြီးတမျှ ခမ်းနား ကျယ်ဝန်းလှပါသည်။ အခန်းတစ်ခုထဲတွင် ကျွန်တော်မတ်တပ်ရပ်နေသော အခါ လေးဘက်လေးတန်က နေရာများသည် ကျွန်တော်နှင့် အဝေးကြီးဝေးနေပြီး မော့ကြည့်သောအခါ ကျွန်တော့်အထက်တည့်တည့်က ကြီးမားခိုင်ခန့်သော ထုတ်တန်းကြီးများသည် ကျွန်တော်၏ သေးကွေးမှုကို သရော်လှောင်ပြောင်နေသယောင်ရှိ၏။
ထိုဦးလေးကြီးတွင် အလွန်ရယ်စရာကောင်းသော ကြောင်တစ်ကောင်နှင့် ကြောက်စရာကောင်းသော ခွေးတစ်ကောင်ရှိသည်။
ထိုခွေးမှာ နာမည်ရှိသော်လည်း ထိုနာမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ခွေးသည် ကျွန်တော့်ရင်ဘတ်လောက် အရပ်မြင့်ပြီး ကျွန်တော့်ထက် သုံးဆလောက် ဝဖြိုးသည်။ သူ့အမွှေးများမှာ အညိုရောင်တွင် အနက်ရောင် ရောလျက် တောက်ပနေသည်။ ခွေး၏မျက်နှာက ကျွန်တော့်မျက်နှာထက် ကြီးမားသည့်အပြင် ခွေး၏ သေးငယ်ရိုင်းစိုင်းသော မျက်လုံးတစ်ဝိုက်တွင် မဲနက်သော အမွေးများ ပေါက်နေသောကြောင့် ခွေးသည် ကျွန်တော့်အတွက် အလွန်ကြောင်စရာကောင်းပါသည်။
ပထမဦးဆုံး ခွေးနှင့်ကျွန်တော် ရင်ဆိုင်ရသောနေ့ကို ကျွန်တော်မမေ့နိုင်ပါ။ ထိုနေ့က ကျွန်တော် မနက်စာဘာမှ မစားခဲ့ရသောကြောင့် ကျောင်းသွားရင် ဦးလေးကြီးခြံထဲက မာလကာသီးများကို ခြံအပြင်မှ ဝါးခြမ်းတစ်ချောင်းဖြင့်ခူးရန် ကြိုးစားခဲ့ရ၏။ သို့သော် ကျွန်တော့်ဒုတ်ကို ပြန်ဆွဲလိုက်သောအခါ ဝါးခြမ်းအကွဲရာကလေးထဲမှ မာလကာသီးလွတ်ထွက်ကာ ခြံဝင်းထဲ ကျကျန်နေခဲ့သည်။ ထိုအချိန်တုန်းက ထိုခြံထဲတွင် ကြောင်စရာကောင်းသော ခွေးတစ်ကောင်ရှိမှန်းသိခဲ့လျှင် ခြံဝင်းထဲ ခိုးဝင်ဖြစ်မည်မဟုတ်ပါ။ ကျွန်တော် ခြံထဲ လှစ်ခနဲဝင်ပြီး မာလကာသီးရှိရာ ပြေးသွားခိုက်မှာပင် မျက်နှာချင်းဆိုင်မှ ခပ်မဲမဲအရာတစ်ခု ကျွန်တော်ရှိရာသို့ အရှိန်ပြင်းစွာ နီးကပ်လာသည်ကို သိလိုက်ရ၏။ သို့သော် ထိုအရာသည် ခွေးတစ်ကောင်ဖြစ်သည်ဟု သိလိုက်ချိန်တွင် ကျွန်တော် ရှောင်ရန် အလွန်နောက်ကျသွားခဲ့ပြီ။ ကျွန်တော်ထိတ်လန့်တုန်လှုပ်စွာ ကြောင်အသွားခိုက်တွင် ဦးလေးကြီးက သူ့ခွေးကို တစ်စုံတစ်ခု အော်ဟစ်လိုက်သောကြောင့် ကျွန်တော် သက်သာရာရသွားသည်။ ထိုချိန်တွင် ခွေး၏နှုတ်သီးက ကျွန်တော့်မျက်နှာနှင့် သုံးလက်မလောက်ပဲကွာတော့သည်။
ထိုနေ့က မာလကာသီးစာရင်း ကျွန်တော်နှင့် ဦးလေးကြီး အသိမိတ်ဆွေဖြစ်သောအခါ ကျွန်တော် ခွက်ထိုးခွက်လန် ရယ်မောမိသည်။ ကြောင်၏ အမွေးက ကိုယ်ခန္ဓာတစ်ခြမ်းမှာ အဖြူ၊ တစ်ခြမ်းမှာ အမဲရောင် ဖြစ်သည်။ နှုတ်ခမ်းမွှေးက တစ်ဖက်မှာ တိုပြီး တစ်ဖက်မှာ အရှည်ကြီးဖြစ်သည်။
“တစ်ယောက်ယောက်က စိတ်တိုပြီး ကတ်ကျေးနဲ့ ကိုက်ပစ်လိုက်တာ ဖြစ်မှာပေါ့ကွာ”
ဦးလေးကြီးက ခပ်ပြုံးပြုံး ပြောခဲ့၏။
ကတ်ကျေးနဲ့ ကိုက်မှာဖြင့်လည်း နှစ်ဖက်လုံး ကိုက်လိုက်ရောပေါ့ဟု ကျွန်တော့်ဖာသာ ကျွန်တော်တွေးရင်း ဟက်ဟက်ပတ်ပတ်ရယ်မိသည်။ ကျွန်တော်ရယ်မောသည်ကို ထိုဦးလေးကြီးက ငေးမောကြည့်နေခဲ့သည်။
“မနက်စာ စားစရာမှရှိလို့ ဘာမှ မစားရခဲ့တဲ့ ကလေးတစ်ယောက်က ဒီလိုရယ်နိုင်သလား”
“ဟား၊ ဦးလေးကြီးကလဲ၊ ဒါများ အထူးအဆန်းကျနေတောပဲ”
ကျွန်တော်တို့ မိသားစုအတွက် ရယ်စရာများစွာ ရှိကြောင်း ဦးလေးကြီးကို ကျွန်တော်ပြောပြခဲ့တော့ သူအံ့သြနေသည်။
ဦးလေးကြီးကတော့ ငွေကြေးချမ်းသာကြွယ်ဝသူ တစ်ဦးဖြစ်သည်။ ဈေးထဲတွင် အထည်ဆိုင် နှစ်ခန်းတွဲ ဖွင့်ထားသူဖြစ်သည်။ ရှေးခေတ်က ဆယ်တန်းအောင်ထားသောကြောင့် ပညာတတ်တစ်ဦးဟု ပြောမည်ဆိုက ပြောနိုင်သည်။ ခြံဝင်းထဲတွင် သစ်ပင်၊ ပန်းပင်များကြောင့် စိမ်းလန်းအေးမြလျက်ရှိပြီး အသီးအနှံ ပန်းပွင့်များကို ရောင်းရသည့် ပိုက်ဆံတွေက အများကြီး။ အဝီစိတွင်းတူးထားပြီး ရေရောင်းရသည့် ပိုက်ဆံတွေက အများကြီး။ ကျွန်တော်သည် ထိုဦးလေးကြီး၏ ပိုက်ဆံများ ထားစရာနေရာမှ ရှိပါ့မလားဟု ကလေးတွေးဖြင့် တွေးကြည့်ခဲ့မိဖူးသည်။
ဦးလေးကြီးသည် ကျွန်တော်တို့ထက်ပင် ဘဝကို ပျော်ရွှင်ကျေနပ်သူ တစ်ဦးဖြစ်လိမ့်မည်။ ဦးလေးကြီးစိတ်ညစ်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပေ။ ဦးလေးကြီးသည် ရပ်ကွက်ထဲတွင် လူတွေက လေးစားရိုသေခံရသူ တစ်ဦးလည်း ဖြစ်သည်။
ဦးလေးကြီး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးကို ပထမဦးဆုံးတွေ့လိုက်ရသူမှာ ကျွန်တော်မဟုတ်သောကြောင့် ကျွန်တော်ကံကောင်းသည်ဟု အမေကပြောပါသည်
“အဲလိုမျိုး အဖြစ်အပျက်တွေကို ကလေးတွေ မကြည့်ကောင်းဘူး” ဟု အမေကပြောတော့ ကျွန်တော် စိတ်ပါဘက်ပါ ခေါင်းညိတ်ခဲ့မိသည်။ တကယ်လည်း ထိုအချိန်က လူသေကို ကျွန်တော်အလွန်ခဲ့ကြောက်ပါသည်။
သို့သော်ဦးလေးကြီးဘာကြောင့် ရုတ်တရက် သေဆုံးလိုက်ရသလဲဟု ကျွန်တော်နားမလည်နိုင်စွာ တွေးနေမိသည်။ ကျွန်တော့်လိုပင် ကျွန်တော်တို့ရပ်ကွက်က လူတွေလည်း စိတ်ဝင်စားစွာ ဖြေရှာကြသည်။ ကျွန်တော်တို့မြို့က လက်ဖက်ရည်ဆိုင်တွေမှာ ဦးလေးကြီး အကြောင်းသည် စိတ်ဝင်စားစရာ ဘာသာရပ်တစ်ခုအဖြစ် လပေါင်းများစွာ တည်ရှိနေခဲ့ဖူးသည်။
ထူးဆန်းသည်မှာ ဦးလေးကြီးသည် သူ့ကြောင်နှင့်ခွေးကို အိမ်အနီးအပါး မည်သူ တစ်ဦးတစ်ယောက်ထံမျှ အပ်နှံမထားခဲ့ခြင်းပင် ဖြစ်သည်။ သူသေဆုံးမှ အိမ်နီးချင်းတစ်ယောက်က ကြောင်ကို တာဝန်ယူကျွေးမွေးရပြီး အခြားတစ်ယောက်က ခွေးကို တာဝန်ယူရပါသည်။ နောက်ထပ် ထူးဆန်းသည့်အကြောင်းမှာ သူ့ကြောင်သည် နောက်တစ်လအကြာတွင် သေဆုံးသွားပြီး သူ့ခွေးသည် ခြောက်လအကြာတွင် သေဆုံးသွားခြင်းပင် ဖြစ်ပါသည်။ ထိုအဖြစ်အပျက်ကို အမေ့အား ပြောပြတော့ အမေက သိပ်မထူးဆန်းသလိုပင် ပြုံးခဲ့၏။
“ခွေးတွေ ကြောင်တွေဟာ သူတို့သခင်ကို သိပ်တွယ်တာတာ သားရဲ့၊ သခင်မရှိတော့ သူတို့သေမှာပေါ့။ ဒါလွမ်းနာကျတယ် ခေါ်တယ်”
သို့သော် ဦးလေးကြီးနှင့် ပတ်သတ်၍ အထူးခြားဆုံး အဖြစ်တစ်ခုကိုတော့ အမေကိုယ်တိုင်လည်း တအံ့တသြ စိတ်ဝင်စားခဲ့၏။ ဦးလေးကြီးသေဆုံးသောအခါ ဦးလေးကြီး၏ အိမ်တွင် ငွေစက္ကူတစ်ချပ်မျှပင် မတွေးရခြင်းအကြောင်းပင် ဖြစ်ပါသည်။ တာဝန်ရှိသူများက အိမ်ထဲမှာ ရှိသမျှ ဘီရို၊ သေတ္တာ၊ စာအုပ်အားလုံးကို လှန်လှောဖွင့်လှစ် ရှာကြည့်ခဲ့သော်လည်း ငွေစက္ကူတစ်ချပ်တလေမျှ မတွေ့ခဲ့ရပါ။ ဦးလေးကြီးသည် ဘဏ်မှာလည်း ငွေစာရင်းဖွင့်ထားသူ မဟုတ်ဟု အချင်းချင်းပြောဆိုဆွေးနွေးကြတာ ကျွန်တော်ကြားဖူးသည်။ ဦးလေးကြီးသည် ကျန်ရစ်သမျှ မြို့သူမြို့သားအားလုံးအား သူနှင့်ပတ်သတ်သည့် ပဟေဠိတစ်ခု အောင်မြင်စွာ ဝှက်သွားခဲ့သည်ဟု လူကြီးသူမများ ပြောတာ ကျွန်တော် ယခုတိုင် သတိရနေပါသည်။
ဦးလေးကြီး၏ ငွေစက္ကူပဟေဠိကို လူတော်တော်များများ အဖြေရှာဖို့ ကြိုးစားကြဖူး၏။ သူတို့မအောင်မြင်ကြပါ။ သူတို့သည် ငွေစက္ကူများကို ဘယ်မှာမှ မတွေ့ပါ။ ငွေစက္ကူမှ တဖြစ်လဲနိုင်သည့် ရွှေ၊ ငွေ၊ ကျောင်မျက်ရတနာများကိုလည်း သူတို့မတွေ့ကြပါ။ ဦးလေးကြီးနှင့်ပတ်သတ်၍ သူတို့ ရှာဖွေတွေ့ရှိခဲ့သည်မှာ စာရွက်အပိုင်းကလေး တစ်စသာ ဖြစ်သည်။
ထိုစာရွက်ကလေးသည် ဦးလေးကြီး၏ အလောင်းရှိရာ မီးဖို၏ စားပွဲပေါ်မှာ လုံးခြေလျက်သားရှိသည်ကို ရက်တော်တော်ကြာမှ သူတို့တွေ့ခဲ့ကြသည်ဟု ဆိုပါသည်။ ဦးလေးကြီးကို ကောင်းကောင်းသိသူများက “ဒါသူ့လက်ရေးပါပဲ” ဟု တညီတညွတ်တည်း အတည်ပြုထောက်ခံကြ၏။ သူသည် တစ်ခုခုကို စာဖြင့်ရှင်းပြဖို့ ကြိုးစားခဲ့သလားဟု လူကြီးများက အချင်းချင်းဆွေးနွေးကြသည်။ သို့သော် ဤစာရွက်ကို “စာ” ဟု သူတို့မခေါ်နိုင်ကြပါ။ စာဆိုလျှင်လည်း မရေးဖြစ်သောစာသာ ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ဦးလေးကြီးသည် စာလုံးလေး ငါးလုံးကိုသာ ရေးသွားသောကြောင့် ဖြစ်သည်။
“ခင်ဗျားအနားမှာ…”
ထိုစာလုံးကလေးငါးခုသည် မည်သူ့အတွက်မျှ မည်သည့် အဓိပ္ပာယ်မျှ မဆောင်ခဲ့ပါ။
သူသည် စာရေးရင်း အလုပ်တခုခု ထလုပ်ပြီး စာပြန်ရေးဖို့ မေ့လျော့သွားလေသလား။ သို့မဟုတ် မရေးတော့ပါဘူးဟု ဆုံးဖြတ်လိုက်လေသလား။ စာရွက်ကလေးကို သူကိုယ်တိုင်ပဲ လုံးချေခဲ့သလား။ သို့မဟုတ် အခြားတစ်ယောက်ယောက်က လုံးချေလွှင့်ပစ်ခဲ့သလား။ သူကိုယ်တိုင်လုံးခြေခဲ့သည် ဆိုလျှင် ဖြစ်သွားသော အဖြစ်အပျက်သည် တာဝန်ရှိပုဂ္ဂိုလ်များ နားလည်ထားသည့် အတိုင်းပင် ဖြစ်သည် ဟုဆို၏။ အကယ်ဤသာ ၍စာရွက်ကို လုံးချေသူသည် အခြားတစ်ယောက်ယောက် ဖြစ်ခဲ့လျှင် … ။ သူတို့သည် မူလလက်ခံထားသော အယူအဆကို ပြောင်းပြန်လှန်ပစ် ရတော့မည်ဟု ဆို၏။
မည်သို့ဆိုစေ ဦးလေးကြီး၏ ပဟေဠိသည် ဆယ်နှစ်သားအရွယ် ကလေးတစ်ယောက်အဖို့ မည်သို့မျှ နားမလည်နိုင်သော အရာသာ ဖြစ်သည်။ လူကြီးများအတွက် ထိုပဟေဠိသည် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သော်လည်း ကျွန်တော့်အတွက်တော့ သိပ်မကြာမီပင် မေ့ပျောက်သွားခဲ့သည်။ ကျွန်တော်မှာ အခြားစိတ်ဝင်ဖွယ် အရာများစွာ ရှိသေးသည် မဟုတ်လား။
ဦးလေးကြီးကို ကျွန်တော်လုံးဝမေ့ပြီဟု ထင်ခဲ့သည်။
သို့သော် ကျွန်တော်တကယ်တော့ မမေ့ပါ။ နောက်ထပ်ဆယ်နှစ်အတွင်း ကျွန်တော်ဦးလေးကြီးကို တခါတရံမှသာ သတိရခဲ့တာ မှန်ပါသည်။ သို့သော် ယခု နှစ်ပေါင်း သုံးဆယ်ကြာလာသော အချိန်တွင်တော့ သူ့အကြောင်းမကြာခဏ တွေးမိသည်။ ဒါကလည်း ထူးဆန်းစွာ ပြောင်းလဲလာသော ကျွန်တော့် စိတ်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။ ငယ်ငယ်တုန်းက ကျွန်တော် သိပ်စိတ်မဝင်စားခဲ့သော ဦးလေးကြီး၏ ပဟေဠိကို ယခုနောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။
ကျွန်တော်သည် အရာရာတွင် အကြောင်းပြချက် ရှိရမည်ဟု သတ်မှတ်ချက်ချကာ အဖြစ်အပျက်အားလုံး၌ အကြောင်းအရင်းကှိုရှာဖွေတတ်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ဦးလေးကြီး၏ ကိစ္စတွင် ဘာကြောင့်ဟူသော အကြောင်းအရင်းကို နက်နက်နဲနဲ ရှာဖွေစဉ်းစားမိ၏။ ကျွန်တော်၏ အားလပ်ချိန်များတွင် ကျွန်တော့်အာရုံ၌ စိုးမိုးနေသော အရာမှာ ကိစ္စတစ်ရပ်ဖြစ်ပေါ်စေသော အကြောင်းအရင်းများပင် ဖြစ်သည်။
အကျိုးနှင့်အကြောင်း ဆက်စပ်၍ ရသော ကိစ္စများတွင် ကျွန်တော် ဖြောင့်တန်းစွာ ကောက်ချက်ဆွဲလိုက်နိုင်သော်လည်း အကျိုးနှင့်အကြောင်း ဘယ်လိုမှ ဆက်စပ်၍ မရသော အချို့ကိစ္စများတွင် ကျွန်တော် ဒေါသတကြီး ဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့ လူ့လောကကြီးတွင် အကျိုးနှင့်အကြောင်း၏ ဆက်စပ်မှုကို မတွေးဘဲထားပါမှ စိတ်သက်သာရာရသည့် အဖြစ်မျိုးလည်း များစွာရှိသေးသည်ဟု ကျွန်တော်သဘောပေါက်လာသည်။
ကျွန်တော့်မိဘများကဲ့သို့ ရှေးဘဝ၏ အတိတ်ကံဆိုသော မိမိ အတိအကျမသိနိုင်သည့် အကြောင်းပြချက်ကိုရှာဖွေကာ ဆွဲယူဆက်စပ်နိုင်လျှင်တော့ အကောင်းသား။ အခုတော့ ကျွန်တော်သည် ဤကိစ္စများတွင် ရယ်စရာကောင်းလောက်အောင် လက်တွေ့ကျနေသူ ဖြစ်နေပြန်သည်။ ယခုတော့ ကျွန်တော်သည် ရှေးဘဝဆိုတာကိုလည်း မယုံ၊ နေက်ဘဝဆိုတာကိုလည်း မယုံသူ ဖြစ်နေပြန်သည်။
ကျွန်တော့်ဘဝမှာ ကျွန်တော် ပျော်ရွှင်ပါရဲ့လားဟု မေးလာလျှင် ကျွန်တော်အဖြေရ တော်တော် ခက်ပါလိမ့်မည်။
ငယ်စဉ်တုန်းက အလွန်ဆင်းရဲနွမ်းပါးခဲ့သော ကျွန်တော်သည် ပျော်ရွှင်မှုကို ငွေကြေးဖြင့် ရှာဖွေဝယ်ယူ၍ ရနိုင်သည်ဟု ထင်ခဲ့ဘူးသည်။ ယခုမှဘဲ ကျွန်တော်သည် စိတ်ဆင်းရဲမှုများကို ငွေကြေးဖြင့် ရှာဖွေဝယ်ယူခဲ့မိပြီ ဖြစ်ကြောင်း သဘောပေါက်လာရသည်။ သို့သော် အချိန်တော်လွန်ခဲ့ပြီ။ တစ်ဘဝစာပင် လွန်ခဲ့ပါပြီ။
ကျွန်တော့်မှာ ကျွန်တော်ချစ်မြတ်နိုးလွန်း၍ ခက်ခဲစွာရယူ ပိုင်ဆိုင်ထားသော ဇနီးတစ်ယောက်ရှိသည်။ ကျွန်တော်ငယ်စဉ်က မရရှိခဲ့သော၊ ကျွန်တော်အလွန်အမင်းလိုချင်မက်မောခဲ့သော ကစားစရာ၊ အစားအစာမှအစ ပညာအထိ အရာများစွားကို ပုံအောပေးအပ်ပစ်ချင်သော မေတ္တာစေတနာများဖြင့် မွေးဖွားပြုစုခဲ့ရသော သားသမီးများရှိသည်။ ကျွန်တော် ဆွေမျိုးမတော်ချင်၊ မတော်ဝံ့လောက်အောင် တစ်ကိုယ်ကောင်းစိတ်ကြီးမားပြီး အရာရာကို ပေါ့တန်စွာ သဘောထားတတ်သော မွေးချင်းများရှိသည်။ ကျွန်တော့်အနီးက ထိုလူသားများအား ငွေကြေးဖြင့်ပေါင်းစပ်လိုက်သောအခါ ကျွန်တော့်ဘဝသည် အလွန်စိတ်ပျက် ညစ်ညူးဖွယ် ကောင်းသွားတော့သည်။ မိမိကိုယ်တိုင်၏ အကောင်းအဆိုးကို မိမိတစ်ယောက်တည်း ခံစားခွင့်ရခြင်းသည် အလွန်ရခဲလှသော ချမ်းသာသုခပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်တဖြည်းဖြည်း တောင့်တလာခဲ့သည်။ တစ်ယေက်တည်း သီးသန့် ရှိနေဖို့ ဆန္ဒရှိလာသော အချိန်တွင် ကျွန်တော်ကိုယ်တိုင် တည်ဆောက်ခဲ့သော အသိုက်အမြုံကြီးသည် ဖြိုခွဲ၍ မရနိုင်လောက်အောင် ကြီးမားခိုင်ခန့်လာခဲ့ပြီ။ တစ်ဘဝစာပင် ကျွန်တော်မှားခဲ့ပြီဟု တွေးမိချိန်တွင် ကျွန်တော့်အာရုံထဲမှာ ရှိနေခဲ့ဖူးသော ဦးလေးကြီး၏ ပဟေဠိသည် တဖြည်းဖြည်း ပြန်လည်နေရာယူလာတော့သည်။ ဦးလေးကြီး အံ့သြရလောက်အောင်ပင် မနက်စာမရှိ၍ မစားခဲ့ရစဉ်က အရယ်အမောမပျက် ဘဝကို ပျော်စရာဖြင့် ရှာကြံရောင့်ရဲကျေနပ်ခဲ့ဖူးသော ကျွန်တော်သည် ယခုတော့ ပျော်ရွှင်မှုကို ဘယ်မှာမှ ရှာဖွေမတွေ့တော့ပါ။ ကျွန်တော်၏ တနေ့တာများသည် ဒေါသ၊ နာကြည်းမှု၊ မုန်းတီးမှု၊ စိတ်ပျက်ရွှံရှာမှု၊ အံ့သြစက်ဆုပ်မှုများဖြင့်သာ ပြည့်လျှံနေတော့သည်။
ကျွန်တော်သည် ကျွန်တော့်တွင် ဖြစ်ပေါ်နေသော ထူးဆန်းသည့် စိတ်ခံစားမှုကို ပြောင်းလဲပြုပြင်နိုင်ရန် ကုသနည်းပေါင်းများစွာကို အသုံးပြုကြည့်ခဲ့ဖူးသည်။ လှပသော တောတောင်ရေမြေ သဘာဝကို အစားထိုးချစ်ခင်မြတ်နိုးနိုင်ရန် ကျွန်တော် ခရီးထွက်၍ ထွက်ပြေးခဲ့ဖူးသည်။ သို့သော် တာဝန်ဟူသော စကားရပ်ကြီးက ကျွန်တော့်ကို ဖိစီးထားသောကြောင့် ကျွန်တော်၏ ဝန်ထုတ်ဝန်ပိုးများရှိရာသို့ လည်စင်း၍ ပြန်လာရသည်ချည်းပင် ဖြစ်ပါသည်။
“ချစ်သောလွင်…
ကိုယ်မင်းကို အသက်မက ချစ်မြတ်နိုးခဲ့တယ်ဆိုတာ မင်းယုံတယ်မဟုတ်လား၊ အခုအချိန်မှာ ကိုယ်မင်းဆီကို ပြန်မလာတော့ဘူးဆိုရင်…”
ကျွန်တော်သည် ရေးလက်စစာများကို ဘယ်နှစ်ကြိမ်ဆုတ်ဖြဲပစ်ခဲ့ရသည်ဟု မမှတ်မိနိုင်တော့ပါ။ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ရှိနေသော စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်မှုဆိုင်ရာ အစွမ်းအစကို ရနိုင်သလောက် လောဘတကြီး ညှစ်ထုတ်သုံးစွဲခဲ့သော ကျွန်တော့်မိသားစုထဲတွင် ဇနီးက ရှေ့ဆုံးမှပါဝင်ကြောင်း ကျွန်တော်ဖွင့်ပြောဖို့ ခဏခဏ စဉ်းစားပြီး ဖွင့်မပြောတော့ရန် ခဏခဏ ဆုံးဖြတ်ခဲ့မိပါသည်။
တောတောင်ရေမြေသဘာဝက ကျွန်တော့်ကို မကုစားနိုင်သောအခါ ကျွန်တော်သည် အတိတ်ဘဝထဲမှာ ကြာရှည်နေထို်င်ကြည့်ပြန်သည်။ ကျွန်တော့်အတိတ်သည် စိတ်ချမ်းသာစရာ တကွက်မှ မရှိသော ဆင်းရဲဒုက္ခများသာ ဖြစ်သည်။ ထမင်းနှင့် ပညာကို တပြိုင်တည်း လိုချင်သောကြောင့် လှုပ်ရှားခဲ့ရသော ကျွန်တော့်ခြေထောက်များ၊ လက်များ၊ အောက်ကျို့ သိမ်ငယ်စွာပြုံးပြရလွန်းသဖြင့် တင်းမာ တွန့်ဆုတ်နေသော နှုတ်ခမ်းများ၊ နာကျင်ခါးသည်းသော မျက်ရည်များ၊ ၎င်းတို့ အားလုံးသည် တကယ့်တော့ လေးပင်သည့် ဝန်ထုတ်ဝန်ပိုးကြီးများကို ထမ်းရွက်နိုင်ဖို့ ကျွန်တော်ကိုယ်တိုင် ဖန်တီး ပြုလုပ်ခဲ့သည့် ခိုင်ခန့်သော ထမ်းပိုးများသာ ဖြစ်သည်ဟု ကျွန်တော် ယခုသိရသည်။ အတိတ်သည် ကျွန်တော့်အတွက် ပျော်ရွှင်စရာ မဟုတ်ပါ။
ထိုအခါ အနာဂတ်ကို ကျွန်တော်မျှော်ကြည့်သည်။ တကယ်တော့ အနာဂတ်သည်လည်း ကျွန်တော့်အတွက် လှပခိုင်ခန့်သော လှောင်အိမ်ကြီး တစ်ခုသာ ဖြစ်သည်။ ထိုလှောင်အိမ်ကြီးထဲသို့ ကျွန်တော်ပြန်မဝင်ချင်တော့ပါ။
ထိုအခါ ကျွန်တော်၏ တွယ်ရာမဲ့ စိတ်ပျက်ငြီးငွေ့မှုများကို စုတ်ယူနိုင်စွမ်းရှိမည် ထင်ရသော စာအုပ်များစွာ ကျွန်တော်ပြန်ဖတ်မိသည်။ သို့သော်ထိုစာအုပ်များက ကျွန်တော့်အတွက် ထွက်ပေါက်သော်လည်းကောင်း၊ အကျိုးဖြစ်ထွန်းမှု၏ အကြောင်းအရင်းကိုသော်လည်းကောင်း ပြောပြနိုင်စွမ်း မရှိခဲ့ပါ။ ထို့ပြင်လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျွန်တော်ဖတ်ထားခဲ့သော ကမျူး၏ “ပလိပ်” ဝတ္ထုထဲမှ ဇတ်ကောင် “ကော့်တား” သည် ကျွန်တော့်အာရုံထဲတွင် ဝေဝါးမှေးမှိန်နေရာမှ ကြည်လင်ပြတ်သား လာခဲ့သည်။
ထိုအချိန်မှစ၍ ကျွန်တော်သည် ကြိုးများအကြောင်း စိတ်ဝင်စားစ ပြုလာခဲ့သည်။
ကျွန်တော်တို့သည် မျက်စိဖြင့် မြင်ရသော ကြိုးများ၏ ခိုင်ခံ့မှုကိုသာ အလျင်သတိထားမိတတ်ကြသည်။
ကျွန်တော့်ဘဝတွင် ကြိုးဟူသော စကားလုံးဖြင့် ပထမဆုံးနားလည် သဘောပေါက်လိုက်ရသည်မှာ ပုခက်ကြိုးဖြစ်ပါသည်။ တကယ်တော့ ပုခက်စစ်စစ် မဟုတ်ပါ။ အဖေ၏ ပုဆိုးဟောင်းတထည်ကို အနားနှစ်ဖက် စုချည်ထုံး၍ ထုတ်တန်းဝါးလုံးမှာ ကြိုးဖြင့်ဆွဲပြီး ကျွန်တော်တို့ ကလေးများ အိပ်ခဲ့ရသော အဝတ်ပုခက်သာ ဖြစ်ပါသည်။
“ကိုဘအေးရေ… ပုခက်ကြိုးကို နဲနဲလောက် မြှင့်ပေးပါအုံး”
ထိုစကားသည် အမေ ခဏခဏပြောသော စကားဖြစ်ပါသည်။
ထို့နောက် ကျွန်တော်ထပ်၍ သိရသော ကြိုးမှာ ကစားစရာ ပလပ်စတစ် ကားသေးသေးလေးကို ဆွဲရသော ကြိုးဖြစ်သည်။ ထိုကြိုးကြောင့် ကျွန်တော်တို့ ညီအစ်ကို ခဏခဏ ရန်ဖြစ်ငိုယိုခဲ့ရဖူးပါသည်။ သည့်ထက်အသက်နည်းနည်းကြီးလာတော့ ကျွန်တော်ရေပုံးကြိုးကို သိလာသည်။ ကျွန်တော်တို့ငယ်ငယ်က နေခဲ့သည့်ရွာတွင် သောက်ရေသုံးရေကို ရေတွင်းမှ ရေပုံးဖြင့် ငင်ယူရလေ့ရှိပါသည်။ ကျွန်တော်တို့ ရေငင်သော ပုံးမှာ ပွဲညက်ဖြင့် မဲနက်နေသော နှီးပုံးအစုတ်ကလေးဖြစ်ပြီး ရေပုံးကြိုးမှာ လက်ကိုပေါက်ပြဲရှတစေလောက်အောက် ကြမ်းတမ်းသော အုန်းဆံကြိုးဖြစ်သည်။ ထိုရေပုံးကြိုးကိုတော့ ကျွန်တော်တို့အားလုံး ကြောက်လန့်စွာ ငြင်းပယ်လိုကြသည်။ ငယ်ရွယ်စဉ် ကလေးအရွယ်က ကျွန်တော်မက်မောခဲ့သော ကြိုးမှာ ဂျင်ပေါင်သည့်ကြိုးနှင့် ကြိုးခုန်ကစားရန် တီထွင်ထားသော လက်ကိုင်ရိုးတပ်ကြိုးများ ဖြစ်သည်။ ကျွန်တော်မုန်းတီးသော ကြိုးအမျိုးအစား တစ်ခုရှိသေးသည်။ လူတွေကို ချုပ်နှောင်ဖို့ ချည်သော ကြိုးဖြစ်ပါသည်။ ကျွန်တော်တို့ ရွာဘုရားပွဲမှာ ပွဲကသည့်အခါ နောက်ပိုင်းဇတ်ထုတ်ပြတိုင်း မင်းသားနှင့် မင်းသမီးကို ပုဏ္ဏားက ဖြစ်စေ၊ ဝန်ကြီးကြောင့်ဖြစ်စေ၊ ဖမ်းဆီးခေါ်ဆောင်ရာတွင် ကြိုးဖြင့်တုတ်နှောင် တတ်လေသည်။ ကျွန်တော်တို့မှာ မင်းသားနှင့် မင်းသမီးကို သနားလွန်း၍ နှိပ်စက်သူ ပုဏ္ဏားကို မုန်းတီး စက်ဆုပ်ရသည်။
လူတွေကို ချည်နှောင်သော မြင်ရသည့်ကြိုးကို မုန်းတီးစက်ဆုပ်တတ်သော ကျွန်တော်သည် လူတွေကို ချည်နှောင်သော မမြင်ရသည့် ကြိုးများကိုတော့ ရှောင်တိမ်းရန် လုံးဝမစဉ်းစားခဲ့မိပါ။ အသက်နည်းနည်းငယ်ရွယ်စဉ်မှာ အဖေ၊ အမေ၊ အကို၊ ညီမများ၏ မိသားစုကြိုးများကို ချည်မှန်းသိသိနှင့် မက်မောခဲ့သည်။ အသက်နည်းနည်းပိုကြီးလာတော့ ချစ်သူ၏ ကြိုးကမှ အခိုင်မြဲဆုံးဟု မက်မောတွယ်တာခဲ့သည်။ ထို့ကြောင့်လည်း ထိုကြိုးရစ်နှောင်သည်ထက် ရစ်နှောင်နိုင်ရန် အခက်အခဲ ဆင်းရဲဒုက္ခအပေါင်းကို အံတု၍ ချစ်သူကို လက်ထပ်ခဲ့သည်။
ဇနီး၏ ကြိုးနှင့်အားမရဘဲ သားသမီးများ၏ ကြိုးကို မက်မောစွာ ကမ်းလင့်ကြိုဆိုခဲ့သည်။ ယခုတော့ ကျွန်တော့မှာ ကြိုးပေါင်းစုံဖြင့် တုတ်နှောင်ထားလျက် ရှိတော့သည်။ ကျွန်တော်ပျော်ခဲ့သလား။
အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်ပျော်ခဲ့ဖူးပါသည်။
ခိုင်မြဲရုံသာ ချည်နှောင်သော ချောမွေ့သည့် ကြိုးများချည်းဖြစ်လျှင် ကျွန်တော်ရှေ့ဆက်၍ မိုက်မဲစွာ ပျော်ရွှင်မိဦးမည်ထင်သည်။
ယခုတော့ ကျွန်တော်ကြိုးတွေက သွေးချင်းချင်းနီအောင် ကြမ်းရှစွာ နာကျင်စေလှသည်။ ကျွန်တော့်ဘဝမှာ ပျော်ရွှင်မှုများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရသော အချိန်မှာပင် ကျွန်တော်ရုံးထွက်ဖြေယူ၍ မရလောက်အောင် ကြိုးတွေက အသားထဲ နစ်မြုပ်တင်းကျပ်နေခဲ့ပြီ။
အရာရာတိုင်းမှာ အချိန်ကာလ ကန့်သတ်ချက်ဆိုတာ ရှိပါသည်။
ဤအခန်းသည် နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ကျွန်တော်နေထိုင်လာခဲ့သော အခန်းဖြစ်သည်။ အခန်းထဲရှိ ပစ္စည်းတိုင်းသည် သူ့နေရာနှင့်သူ စနစ်တကျ တည်ရှိနေရာ မျက်စိမှိတ်ထားပါလျက် အသေးအဖွဲ ပစ္စည်းကလေးများ၏ အနေအထားကို ကျွန်တော်အလွတ်ရပါသည်။ ဤစားပွဲတွင် ကျွန်တော်စာပေါင်းများစွာ ရေတွက်ခဲ့သည်။ မိမိပိုင်သော ငွေစက္ကူများသည် တစ်ခါတစ်ရံ မှသာ အတွေ့အကြုံဖြင့် သိရသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ချက်ကော့(ဗ်)၏ Gooseberries ဝတ္ထုကို ကျွန်တော် ပထမဦးဆုံး ဖတ်ရစဉ်က ကျွန်တော့်အာရုံထဲမှာ အိုင်ဗင်နှင့် နစ်ကိုလေ ညီအစ်ကိုနှစ်ယောက်သာ ရှိခဲ့၏။ ယခုတကြိမ် ထိုဝတ္ထုကို ကျွန်တော် ပြန်ဖတ်လိုက်သောအခါ အစ်ကို၏ စကားထဲမှ တစ်ကြောင်းစာသာ ပြောသွားသော အဘိုးကြီး တစ်ယောက်သည် ကျွန်တော့်အတွေးထဲမှာ တဝဲလည်လည် ဝင်ရောက်နေတော့သည်။ သေခါနီး အိပ်ရာပေါ်က အဖိုးကြီးသည် ပျားရည် တစ်ပန်းကန်ပြား အပြည့်မှာယူ၍ သူ၏ ငွေစက္ကူများ၊ ထီလက်မှတ်များကို ပျားရည်ဖြင့် ရောကာ စားသွားသည်။ သူ၏ ငွေစက္ကူများကို အခြားမည်သူမျှ မရနိုင်ရန် ဖြစ်သည်။
ယခုအခါ ကျွန်တော် ဆယ်နှစ်သားအရွယ်က သေဆုံးခဲ့သော ဦးလေးကြီးနှင့် ပတ်သတ်၍ အနည်းငယ်နားလည်စပြုလာပြီ။ ဦးလေးကြီးသည် သူ၏ ခြံဝန်းတစ်နေရာရာမှာ ရွှေငွေရတနာများကို အိုးဖြင့် မြုပ်သွားသလားဟူသော အကောင်းမြင်အတွေးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပြီ။ ဦးလေးကြီးသည် သူ၏ ပိုက်ဆံများကို ပျားရည်ဖြင့်ရောစားသွားတာ ဖြစ်နိုင်သည်ဟု ပြုံးရယ်မိသည်။ အကယ်၍ ဤအတိုင်းဖြစ်ပျက်သွားခဲ့လျှင်သော်မှ ဦးလေးကြီးအား တကိုယ်ကောင်းသမားကြီးဟု ကျွန်တော်မစွပ်စွဲရက်ပါ။ မိမိအိပ်မက်များ ပျက်ပြယ်သွားသည့်အခါ လူသည် မယုံကြည်နိုင်စရာပင် ရူးသွပ်သွားတတ်ပါသည်။
ကျွန်တော်သည် အိပ်မက်တစ်ခုတည်းကိုပင် နှစ်ပေါင်းသုံးဆယ်ကျော် မက်ခဲ့သူဖြစ်သည်။ အိပ်မက်သည် တကယ်အစစ်အမှန်ဖြစ်မလာနိုင်တော့ကြောင်း အတိအကျသိလိုက်ရသောအခါ ကျွန်တော့်မှာ ရှိသမျှအင်အားတွေ ဗြုန်းကနဲ ဆုတ်ယုတ်သွားတော့သည်။ လူတစ်ယောက်သည် မိမိ၏ ပတ်ဝန်းကျင်မှ ထွက်ပြေးရန် နည်းလမ်းများစွာ ရှိပါသည်။ မိမိကိုယ်တိုင်မှ ထွက်ပြေးရန်တော့ ဘာနည်းလမ်းမှ မရှိပါ။
ဦးလေးကြီးသည် ကျွန်တော့်လိုပင် ရက်ပေါင်းများစွာ အခန်းအောင်းနေခဲ့လိမ့်မည်။ မြင်နေကျ အရာဝတ္ထုများကို နှစ်သုံးဆယ်ကျော် မြင်တွေ့ရသောအခါ ကျွန်တော့်လိုပင် စိတ်ပျက်စွာ ပြုံးရယ်မိလိမ့်မည်။ ပြတင်းပေါက်မှ ဒိုင်ဗင်ထိုးချလိုက်ရန် ဟာဟစွက်ကာ စဉ်းစားခဲ့လိမ့်မည်။ ထို့နောက် ဘယ်အချိန်မှစ၍ ကြိုးတစ်ချောင်း၏ အသုံးဝင်ပုံကို စဉ်းစားစ ပြုသွားပါလိမ့်။
ဦးလေးကြီးသည် ကျွန်တော့်လိုတော့ ကြိုးတွေကို မုန်းတီးသွားသူမဖြစ်နိုင်ပါ။ ကြိုးများကို မုန်းတီးသူသည် မိမိ၏ မီးဖိုခန်းထဲသို့ ကြိုးတစ်ချောင်းကို သယ်ဆောင်လာမည်မဟုတ်ပါ။ ထိုကြိုးကို တစိမ့်စိမ့်ကြည့်၍ ချစ်နေသူသာ ဖြစ်လိမ့်မည်။ ကြိုးသည် နောက်ဆုံးကယ်တင်ရှင်အဖြစ်မှားယွင်းစွာ မှတ်ယူ၍ လက်ဖြင့် ဖွဖွ ပွတ်သပ်ကာ တီးတိုး စကားများ ပြောနေခဲ့လေမလား။ လူတွေနှင့် စကားပြောဖို့ ကြောက်ရွံ စိတ်ပျက်သူသည် ကြိုးတစ်ချောင်းနှင့်တော့ နာရီပေါင်းများစွာ စကားစမည်ပြောဆိုချင်ပေလိမ့်မည်။ ကြိုးကို မိမိအလိုရှိသော ပုံသဏ္ဌာန်ဖြစ်အောင် ပြုပြင်ပုံသွင်းဖို့ ခက်ခဲသည်ဆိုတာ ကျွန်တော်သဘောပေါက်ပါသည်။ ထို့ထက်ပို၍ မိမိဘာပုံသဏ္ဌာန်ကိုရမှ ဖြစ်မှာလဲဟု အသေအချာ နည်းစနစ် သိဖို့ကတော့ အခက်ခဲဆုံး ဖြစ်လိမ့်မည်။ ကျွန်တော် ဤမျှ စိတ်ရှည်နိုင်မည် မထင်ပါ။
ကျွန်တော်ချစ်သော သားနှင့်သမီးကို ကျွန်တော်ဖြစ်စေချင်သော ပုံသဏ္ဌာန်ဖြင့် ပြုပြင်ပုံသွင်းဖို့ ကြိုးစားခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့၏။ ကျွန်တော် ဖြစ်စေချင်သည်က တစ်မျိုး၊ သူတို့ ဖြစ်ချင်သည်က တစ်မျိုး။ လူတွေသည် မိမိဘဝကို မိမိစိတ်ကြိုက်သာ ဖန်တီးပြုပြင်ကြ၏။ အခြားသူတစ်ယောက်က ပြုပြင်ပုံသွင်းပေးဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ပါ။ သက်ရှိလူသားကို ပုံသဏ္ဌာန် ပြုပြင်ဖို့ ခက်ခဲသည်ဆိုလျှင် သက်မဲ့ကြိုးတစ်ချောင်းကို ပုံသဏ္ဌာန်ပြုပြင်ဖို့တော့ ပို၍ပင် ခက်ခဲလေမလား။ ကျွန်တော် ရုတ်တရက် ထိုအတတ်ပညာကို ပိုစိတ်ဝင်စားမိသည်။
အကြောင်းနှင့်အကျိုးကို ဆက်စပ်ညှိနှိုင်းယူသည့် ပညာကို ကျွန်တော် စိတ်ဝင်စားစွာ လေ့လာထားခဲ့သောကြောင့် ဦးလေးကြီးထားခဲ့သော ပဟေဠိကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာသည့်အခါ ဖြေရှင်းရန် နည်းလမ်း ကျွန်တော်ရလာခဲ့သည်။
ဦးလေးကြီး တစ်ပိုင်းတစ်စ ရေးလက်စ စာကို ကျွန်တော် စိတ်ကူးဖြင့် ထပ်မံဖြည့်စွက် ရေးသားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။
“ခင်ဗျားအနားမှာ…” ဟူသော စာကြောင်းသည် အဆက်အစပ်မရှိ လွတ်လပ်လွန်းသောကြောင့် ကျွန်တော် အကြောင်းအရာများစွာဖြင့် ဖြည့်စွက်ဆက်စပ်ကြည့်ခဲ့ဖူးသည်။ အမျိုးအစားကွဲပြားသော စာများကို ကျွန်တော်ရခဲ့သည်။ သို့သော် စာတစ်စောင်ကိုမျှ စိတ်တိုင်းမကျပါ။
နောက်ဆုံးတော့ ကျွန်တော်အောင်မြင်စွာ ဆက်စပ်ဖြည့်စွက်နိုင်လိုက်ပြီဟု ကျွန်တော်ထင်ပါသည်။ ဦးလေးကြီးကိုယ်တိုင်ရေးထားသလိုပင် အဆက်အစပ်တည့်တည့် အဓိပ္ပါယ်ရှိသော စာတစ်ကြောင်းကို မကြာသေးမီကမှ စာကြောင်းမျာ အောက်ပါအတိုင်း ဖြစ်သည်။
“ခင်ဗျားအနားမှာ ကြိုးတစ်ချောင်းကို ဘယ်တော့မှ လွယ်လွယ်ကူကူ မထားလိုက်လေနဲ့”
ခက်ခဲသော ပုစ္ဆာတစ်ပုဒ် အဖြေရသွားသည့်အခါ ပျော်ရွှင်ကျေနပ်သော ခံစားချက်အတိုင်း ကျွန်တော် အားရကျေနပ် သွားသည်။
သို့သော် တပြိုင်တည်းမှာပင် ကျွန်တော်ဝမ်းနည်းကြေကွဲစွာ ငိုကြွေးမိပါသည်။

ဂျူး
[၁၉၉၄ခု၊ ဩဂုတ်လ၊ မြားနတ်မောင် မဂ္ဂဇင်း]

Saturday, September 25, 2010

မှာပါရစေ ပြောပါရစေ - မိုးဟိန်း (သားဂျာနယ်ကျော်)



(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။



မိုးဟိန်း (သားဂျာနယ်ကျော်)

(၁၉၄၂-၂၀၁၀)


(26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

Friday, September 24, 2010

ပရဟိတသမား ကဗျာဆရာ မိုးဟိန်း (သား-ဂျာနယ်ကျော်) ကွယ်လွန်

ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားငယ် ဆရာမိုးဟိန်း (သားဂျာနယ်ကျော်) (၆၇ နှစ်) လည်ချောင်း ကင်ဆာရောဂါဖြင့် ရွှေဂုံတိုင်အထူးကု ဆေးရုံတွင် ယနေ့နံနက် ၉ နာရီက ကွယ်လွန်သွားသည်။

လည်ချောင်းကင်ဆာ စဖြစ်ခဲ့ပုံကို “၂ဝဝ၈-ခုနှစ် နှောင်းပိုင်းမှာ မိတ်ဆွေကြီး (မရဏမင်း) ရဲ့လက်ရုံးတော် ဦးဗျာဓိ ပစ်လွှတ်လိုက်တဲ့ ကင်ဆာမြားဟာ ကျွန်တော့်လည်ပင်း လာမှန်တယ်လေ” ဟု သူ၏ “မရဏမင်းသို့ အိတ်ဖွင့် ပေးစာ” ဆောင်းပါး၌ ထည့်သွင်းရေးခဲ့သည်။

ဇီဝိန်ခြွေသည့် ပါးကွက်အာဏာသားအဖြစ် အများက မြင်ကြသည့်
mh1

ဆရာမိုးဟိန်း ( သား-ဂျာနယ်ကျော် )

မရဏမင်းသည် တဖက်တွင်လည်း သတိသံဝေဂ ရစေပြီး တရားပေါက်နိုင်မည့် အနုဿတိ ဓမ္မစွမ်းအားကြီးလည်းဖြစ်သည်ဟု ယုံကြည်ကြောင်း သူ့ဆောင်းပါးက ဖော်ပြနေသည်။

ဘာသာရေး၊ စာပေနှင့် လူမှုရေးလုပ်ငန်းများကို ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် သေမင်းနှင့် ရင်ဆိုင်ရန် စိတ်ချလက်ချ ရှိပုံပေါ်သည်။

“မိဘ၏ စာပေအမွေကို ဆက်ခံဖို့ ကလောင်ကို စွဲကိုင်၊ ဆရာသမားတွေ၏ ပညာအမွေကို ဖြန့်ဖို့ မြေဖြူကို စွဲကိုင်၊ တယောက်တစု အကျိုးထက် အများအကျိုးကို သယ်ဖို့ ယုံကြည်ချက်ကို စွဲကိုင်ရင်း စာရေး၊ စာပြ၊ ပရဟိတ အလုပ်တွေနှင့် လှုပ်ရှားခဲ့ပါသည်။ ဘဝကို အတ္တနှင့် မချုပ်လို၊ ပရဟိတနှင့်သာ ချုပ်လို။ စာပေ-စာပြနှင့်သာ မပြီးလို။ ပရဟိတနှင့်သာပြီးလို”သည်ဟု ခံယူခဲ့သည့်အတိုင်း ရန်ကုန် ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွင် အင်္ဂလိပ်စာ၊ ဗုဒ္ဓအဘိဓမ္မာနှင့် ကျင့်ဝတ်တို့ကို ပို့ချပေးရုံမက ပရဟိတ သင်တန်းများတွင်လည်း အင်္ဂလိပ်စာ ပို့ချခဲ့သည်။

၂ဝဝ၇ ကစ၍ ပန်းချီဦးမျိုးခင် တည်ထောင်သည့် မေမြို့  စည်သာရွာ “ဒဟတ်စံပြ ပရဟိတပျိုးခင်း” တွင် မြှုပ်နှံပြီး ပညာသင်ကြားပေးခဲ့သည်။

ဆရာသည် နွားထိုးကြီးနှင့် မြင်းခြံကြား၊ လျှော်ဖြူနှင့် သာယာကုန်းရွာကြားရှိ ရွှေကူကြီးတောရ ကျောင်းဝင်းအတွင်း အကျယ် ၃၆-ပေ၊ အမြင့် ၃၆ ပေခန့်ရှိ “မဟာပရိတ္တစေတီတော်ကြီး” ကိုလည်း ကမကထပြု တည်နေသည်။

“ပန္နက်ချပွဲပြီးလို့ အုတ်ခုံပုံ ဖော်နေပါပြီ။ ပြီးလျှင် မုခ်ဝလေးခု၊ လိုဏ်ဂူ၊ အဲဒီအပေါ် စေတီတည်သွားဖို့ပါပဲ။ ကျွန်တော် ဝမ်းသာကြည်နူးရဆုံး ကိစ္စပါ။ ဒီမြင်ကွင်းကို အာရုံပြုမိတိုင်း ကင်ဆာ ကလပ်စည်းတွေ ကျုံ့သွားသလို ခံစားရပါတယ်။ သေပျော်ပါပြီလို့တောင် ပြောမိပါတယ်” သူ၏ ဆောင်းပါး၌ ပုံဖော်ရေးသားခဲ့သည်။

ဘုရားတည်လိုသည်မှာ ၁၁ နှစ်ကျော်ပြီဖြစ်သည့် ဆရာမိုးဟိန်းနှင့် ရွှေကူကြီး တောရဆရာတော်တို့ မြင်းခြံပရဟိတ လူငယ်များမှ တဆင့် ဆုံကြရာမှ စေတီတော်ကြီး တည်ဖြစ်သွားသည်ဟု ကျောင်းထိုင်ဆရာတော် အရှင်ဝေပုလ္လထံမှ သိရသည်။

လုပ်ဖော်ကိုင်ဘက် ကဗျာဆရာ ဇော်နောင်ကလည်း ဆရာမိုးဟိန်းသည် ဘာသာရေးသမား ဖြစ်သဖြင့် ပြဿနာများကို ဗုဒ္ဓဘာသာအမြင်ဖြင့် ချဉ်းကပ်တတ်ကြောင်း ၁၉၉၉ က Harmony of Head and Heart အမည်ဖြင့် ထုတ်ခဲ့သည့် ပင်ကိုရေး အင်္ဂလိပ်ကဗျာ စာအုပ်ကို ထောက်ပြသည်။

“ သူ့ကဗျာစာအုပ်ကို ဖတ်ရင် သူ့ဖလော်ဆော်ဖီကို သိမှာပဲ။ ဘာသာရေးကို တောက်လျှောက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ” ဟုပြောသည်။

ငယ်စဉ်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ တွင် သူတို့ ညီအကို ပညာသင်ကြားခဲ့သည်။ အကိုမှာ ကွယ်လွန်သူ ရုပ်ရှင်မင်းသား မောင်သိန်းတန် (နှမလက်လျှော့ နေလေတော့) ဖြစ်သည်။ ၂ဝဝ၇က ကွယ်လွန်သူအမ ဒေါက်တာ ခင်လေးမြင့်မှာ ထင်ရှားသော ပြင်သစ်ဘာသာ ပါရဂူဖြစ်ပြီး ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေး ဝတ္ထုများကို ပြင်သစ်လို ပြန်ဆိုခဲ့သလို မင်းသားလေး၊ နှစ်ဆယ်ရာစု ပြင်သစ်ခေတ်ပေါ် ဝတ္ထုတိုများစသည့် ဘာသာပြန် လက်ရာများကြောင့်လည်း လူသိများသည်။

တော်လှန်ရေး ကောင်စီနှင့် တောတွင်းပါတီများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် အခြားမြေပေါ် နိုင်ငံရေး စာနယ်ဇင်းသမားများ နည်းတူ ဦးမိုးဟိန်း၊ သူ့မိခင်နှင့် ပထွေးတို့လည်း နှစ်ရှည် ထိန်းသိမ်းခံရသည်။ ထို့နောက် နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း (Through Life’s Perils) (1983)၊ Sweet Odour of Padauk and Dokchampa (2002) ကဗျာများကို အင်္ဂလိပ်လို ပြန်ဆိုခဲ့သည်။

“ပထမတစ်ဆစ်ချိုး” ဆောင်းပါးနှင့် ကဗျာပေါင်းချုပ်ကို မြန်မာလို ထုတ်ဝေခဲ့သည်။ ဝေဒနာကြားမှ ပြုစုသော အမေရိကန် အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာပေခရီးအခြေခံ “ပြင်ပအိပ်မက် တခု” ခရီးသွားမှတ်တမ်း ဤနှစ်ဆန်းက ထွက်လာသည်။ ပဲခူး ၁ဝ-မိုင်ကုန်း ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ၏ လိုရင်းတိုရှင်း ဝိပဿနာကို အင်္ဂလိပ်လို “MIND AND CONCISE VIPASSANA” အမည်ဖြင့် ပြန်ဆိုခဲ့သည်မှာ မကြာသေး။ “သန်းခေါင်ယံသက်တန့်” Midnight Rainbow အမည်ရှိ ပင်ကိုယ်ရေး ဒုတိယ အင်္ဂလိပ် ကဗျာစာအုပ်မှာ စီစဉ်ဆဲဟု ဆရာဇော်နောင်က ပြောသည်။

ရန်ကုန် အင်ဒိုနီးရှားသံရုံး စီးပွားရေးဌာနတွင် အရာရှိအဖြစ် ၁ဝ နှစ်ကျော်လုပ်ခဲ့သည့် ဆရာမိုးဟိန်းသည် ပြီးခဲ့သည့် ၁ဝ နှစ်ခန့်က အလုပ်မှထွက်၍ ‘စာပေလောက’ သို့ အပြီးတိုင် ခြေချခဲ့သည်။ အမေရိကန်နိုင်ငံမှ ချီးမြှင့်သော ကဗျာဆု တဆုလည်း ရခဲ့သည်။

သူနှင့်အတူ ဓာတ်ကင်နေရသော ပထွေး ဦးအောင်ဇေယျ (၈၂ နှစ်) မှာလည်း လည်ချောင်းကင်ဆာနှင့်ပင် မနှစ်က ကွယ်လွန်ခဲ့သည်။

စာအုပ်မိတ်ဆက်

သမိုင်းအား ခွဲခြမ်းစိတ်ဖြာခြင်း

ခင်နှင်းလွင်၊

စက်တင်ဘာ ၂၃၊ ၂၀၁၀

စာအုပ်အမည်၊ သမိုင်းကြေးမုံ

စာရေးသူ၊ မြသန်းတင့်

ထုတ်ဝေသည့်စာပေတိုက်၊ စိတ်ကူးချိုချို

တန်ဖိုး ၃၂၀၀ ကျပ်၊ စာမျက်နှာ ၃၄၀၊ မေလ ၂၀၁၀ ခုနှစ်၊ ပထမအကြိမ်

ဘာသာပြန် စာပေလောကတွင် ကိုယ်ပိုင်ဟန်ဖြင့် နိုင်ငံတကာ စာပေများစွာကို မြန်မာ့စာပေလောကနှင့် မိတ်ဆက်ပေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ကမ္ဘာ့သမိုင်း အမြင်ဆောင်းပါးများကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။

ဆရာ၏ ကလောင်ခွဲ တစ်ခုဖြစ်သည့် အုတ်လှငယ်အမညဖြင့် နွယ်နီမဂ္ဂဇင်းတွင် ၁၉၉၁ ခုနှစ် မတ်လမှစတင် ဖော်ပြထားတဲ့ အရေးပါတဲ့ကမ္ဘာ့သမိုင်း အဖြစ် အပျက်များအပေါ် ခွဲခြမ်းစိတ်ဖြာပြထားသည့် ဆောင်းပါးများဖြစ်ပြီး ဆရာမြသန်းတင့်ရဲ့ ကိုယ်ပိုင်ဘာသာပြန်ု အရေးအသားဟန် များကိုလည်း တွေ့ရှိနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်သည်။ ယခုစာအုပ်တွင်ပါရှိသည့် ဆောင်းပါးအများစုမှာ တိုင်းမ် မဂ္ဂဇင်းမှ ကောက်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်သည်။

ဆရာမြသန်းတင့်သည် ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် စာအုပ် အပါအ၀င်အခြား လုံးချင်း ၀တ္တု၊ ၀တ္တုတို၊ ဂန္တ၀င်ဘာသာပြန်၊ ကဗျာဘာသာပြန် စသည့် လက်ရာများစွာဖြင့် မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူတစ်ဦးဖြစ်သည်။ အချစ်မိုးကောင်းကင် ဖြင့် ကမ္ဘာ့ ရောဂါဆိုးကို မြန်မာပြည်မှ စာဖတ်သူတွေကို ဘာသာပြန်ပြောပြခဲ့သူ ၊ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ဖြင့် ဟားဗတ်တက္ကသိုလ်ကို မိတ်ဆက်ရင်း တချိန်ကရန်ကုန် တက္ကသိုလ်ကို ပြန်လည်အမှတ်ရစေခဲ့ သူတစ်ဦး လည်းဖြစ်သည်။

သမိုင်းမှတ်တိုင်များကို ဖြတ်သန်းရင်း ကိုယ်တိုင် ကိုကိုးကျွန်းပြန် တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍ တွင်ကျရာတာဝန် ထမ်းဆောင်ခဲ့သဖြင့်အာဏာပိုင်တို့ အညှိုးဖွဲ့ခံခဲ့ရသူ ဖြစ်သည်။

သမိုင်းကြေးမုံပေါ်က ဂျေရုစလင်

သမိုင်းကြေးမုံ စာအုပ်တွင် စစချင်း၁၉၉၁ ၊ မတ်လထုတ် နွယ်နီမဂ္ဂဇင်းမှာ ပါရှိတဲ့ ဂျေရုစလင်မှ ခရစ်တော်၏ ကားတိုင် ဆောင်းပါးနှင့် ဖွင့်လှစ်ဖော်ပြထားသည်။

`သမိုင်းအဖြစ်အပျက်များသည် တစ်ခါတစ်ရံတွင် အကြောင်းအရာတူပြီး အသံကွဲတတ်သည်။ တစ်ခါတစ်ရံလည်း အသံတူပြီး အကြောင်းအရာ ကွဲနေတတ်သည်။ သမိုင်းတွင် ထိုသို့သံတူ ကြောင်းကွဲ ဖြစ်ရပ်များနှင့် ကြောင်းတူသံကွဲ ဖြစ်ရပ်များကို ကြည့်ပြီး သမိုင်းဆိုတာ တပတ် လည်သည်ဟု ပြောစမှတ်ပြုကြခြင်း ဖြစ်သည် ´ ဟုဆိုကာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်က ကရူးဆိတ်စစ်ပွဲနှင့် ပါရှားပင်လယ်ကွေ့က အီရန် အမေရိကန်စစ်ပွဲ ကို စာရေးသူရဲ့ ကိုယ်ပိုင် ဟန်ဖြင့် ခပ်သွက်သွက် ဘာသာပြန်ရေးဖွဲ့ထားသည်။

၁၉၉၁ခုနှစ် ကမ္ဘာ့နိုင်ငံရေး ကြေးမုံပြင်တွင် `ဂျေရုစလင်ကိုသိမ်းပိုက်ထားသည့် မူစလင်များက ခရစ်တော်၏ ကားတိုင်ရှာတွေ့လျှင် ယူပါလို့ ဆိုကြသည်။ ကရူးဆိတ်စစ်သည်တို့သည် ဂျေရုစလင်တွင် ခရစ်တော်၏ ကားတိုင်အစစ်ကို လိုက်ရှာကြ သည်။ သို့ရာတွင်မတွေ့တော့။´ ဟူကာ၁၉၉၁ခုနှစ်တွင် လတ်တလော ပင်လယ်ကွေ့ အရေးအခင်း ကို စိတ်ဝင်စားဖွယ် ဖတ်ရူနိုင်သည်။

ထို့အပြင် သဲကန္တာရ စစ်တုရင်ခုံ (၁၉၉၁ ၊ ဧပြီ )၊ သရဖူတို့ မြေသို့ကျစဉ် (၁၉၉၁၊ မေ ) ၊ အကြိမ်ကြိမ် ဖျက်စီးခံရသော ဘဂ္ဂ္ဂဒက် အစရှိသော ဆောင်းပါးတို့ တွင် ဒုတိယကမ္ဘာစစ်၏ ကန္တာရစစ်ပွဲ ပုံရိပ်များ၊ အင်ပိုင်ယာများနွှဲခဲ့သော စစ်အေးတိုက်ပွဲများနှင့် ယခုနောက်ဆုံး အမေရိကန်တို့ ရှို့ခဲ့သောမီး မငြိမ်းသေးသော ဘဂ္ဂ္ဂဒက် အကြောင်းကို `ခါလစ်တို့၏သွေး မြေပေါ်သို့ကျလျှင် ကမ္ဘာကြီးသည် ပျက်သုဉ်းတော့အံ့နေမင်းလည်း ကွယ်ပျောက်တော့အံ့ ၊မိုးခေါင်အံ့ ၊ သစ်ပင်တို့ တုံးအံ့ဟု အစ္စလမ်တို့က သတိပေးခဲ့သည်ဟု အကြိမ်ကြိမ် ဖျက်စီးခံရသော ဘဂ္ဂ္ဂဒက်တွင် ရေးသားထားပြီး ဘဂ္ဂ္ဂဒက် မြို့သည်မေ့ပျောက်ခံ နေရာမှ ဆက်ဒမ်ဟူစိန်က အီရန်ကို စတင်တိုက်ခိုက်ခြင်း၊ ကူဝိတ်ကို ၀င်သိမ်းခြင်းကြောင့် ကမ္ဘာ၏ အာရုံစိုက်ရာဒေသ ဖြစ်လာခဲ့တော့သည် ဟုရေးသားထားသည်။

ပထမပိုင်း ဆောင်းပါးအများစုမှာ အရှေ့အလယ်ပိုင်းဒေသ၏ လူမှုရေး ၊နိုင်ငံရေးနှင့် ပထ၀ီအနေအထားအရ ဖြစ်ပျက်ခဲ့သော စီးပွားရေး ပြဿနာများကို ရေးသားထားခြင်း ဖြစ်သည်။ ဂျပန်တွင် မေဂျီခေတ်၊ အိန္ဒိယပြည်ကို ဧကရာဇ်တို့၏ ဘာသာတရားသစ် အမည်နှင့် စိတ်ဝင်စားဖွယ် အရှေ့တောင်အာရှ သမိုင်းအမြင်များနှင့် ပတ်သတ်သော သမိုင်းဆောင်းပါး များစွာကို ဖတ်ရှုနိုင်ပါသည်။

`နာကြည်းဖွယ် အတိတ်မှ ကြောက်စရာ အောက်မေ့ဖွယ်တို့ကို မိန့်ခွန်းများ၊ တေးသီချင်းများ၊ လှပသည့်ပန်းခွေများဖြင့် ဖျောက်ဖျက်၍ ရနိုင်မည် မဟုတ်ပါ´ ဟု သေသူတို့သည် နားစွင့်နေကြသည် ဆိုသည့် တိုင်းမ်မဂ္ဂဇင်းရဲ့ ဆောင်းပါးဘာသာပြန် ကိုဖတ်ရှုရသည်မှာ နာဇီတို့၏ ရက်စက်မှုနှင့် မပြီးဆုံးနိုင်သေးတဲ့ နာကျည်းမှုများကို ခံစားနိုင်သည်။

`ထိုမိုးလုံလေလုံ စက်ဘီးစက်ရုံကြီးကို ပြင်သစ်ပုလိပ်တို့ စောင့်ကြပ်နေသည်။ လူ ၈၀၀၀ အတွက် ဆရာဝန်နှစ်ယောက်သာ ထားပေးထားသည်။ အမျိုးသမီးများသည် ကြမ်းပေါ်တွင် မီးဖွားရသည် ။ အချို့မှာ ကလေးငယ်တို့ကို ရင်ခွင်တွင် ပိုက်ပြီးထုပ်တန်း ပေါ်မှခုန်ချ အဆုံးစီရင် သွားကြသည်။ ဆုတ်ခွာလာသည့် ပြင်သစ်တပ်မတော် နှင့်အတူ ပါဝင်တိုက်ခိုက် ခဲ့သည့် ရေ၀တီတို့က တံဆိပ်များကို ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲပြ ကြရသည်။ သို့ရာတွင် အချည်းအနှီး မျှသာ။ မိဘများက သားသမီးများ၏ လက်ကောက် ၀တ်သွေးကြောများကို ဓါးနှင့်ဖြတ်ကြသည် ´စသည်ဖြင့် နာဇီခေတ်ဆိုး၏ သားကောင်များအတွက် နှစ်ငါးဆယ်ပြည့် ပန်းခွေချပွဲမှ ကောက်နှုတ်ချက်ကို တွေ့နိုင်သည်။

`ဒီအဖြစ်ကို ငါမေ့လည်းမမေ့နိုင်ဘူးကွယ်၊ ခွင့်လည်းမလွှတ်နိုင်ဘူးကွယ့်၊ တရားမျှတမှုကို တော့တောင်းဆိုရမယ် ၊ လက်စားချေဖို့ကိုတော့ ငါမတောင်းဆိုပါဘူး´ ဟုအဆုံးသတ်ထားတဲ့ ပြင်သစ်ပြည်မှ ဂျုးတို့ရဲ့ သမိုင်းကြေးမုံသည် ထင်ရှား ပြတ်သားဆဲရှိသည် ကိုလည်း စာဖတ်သူများခံစား မှန်းဆကြည့်နိုင်သည်။

ရှုပ်ထွေးပွေလီနေတဲ့ ကမ္ဘာသမိုင်း အရေးအကြောင်းများကို ဆရာမြ၏ ပြေပြစ်ချောမွေ့တဲ့ ဘာသာပြန်အရေးအသား များကြောင့် အသက်ဝင် စိတ်ဝင်စားစရာ ကောင်းလှသည်။

ထို့အပြင် မိုတယ်မှ သမိုင်းပြတိုက်သို့ ဆောင်းပါးတွင် အသားရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ မာတင်လူသာကင်း (ဂျုနီယာ ) ရဲ့နောက်ဆုံး ညစာအငွေ့အသက်၊ နောင်တမျက်ရည်မှ တောင်းပန်ဝန်ချသံတို့ကို ကြားရသည့်အခါ တရုတ်-ဂျပန် စစ်ပွဲကို ပြန်ပြောင်း သတိရစရာ ပင်ဖြစ်သည်။

လူမျိုးများ၊ နိုင်ငံများ ၁ ၊ နှင့်လူမျိုးများ ၊နိုင်ငံများ ၂ မှ

`ရာစုနှစ်ကြီး ကုန်ခါနီးလာသည့်အခါ ၀ီဆင်၏အမွေသည် အောင်ပွဲခံ၍ ပြန်လာနေပါပြီ ။ လီနင်၏အမွေကို အပြီးအပိုင် ဖယ်ရှားပစ် လိုက်ပါပြီ။ ကောင်းဖို့လား ၊ဆိုးဖို့လားတော့ မပြောတတ်ပါ။ ၁၉၈၉ခုနှစ်က ရလဒ်မှာ ဘာလင် တံတိုင်းကြီးပြိုကျသွားခြင်း နှင့် ကတ္တီပါတော်လှန်ရေးတို့ ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်ရလဒ်မှာ ဆာရာယေဗိုမြို. ပျက်စီးခြင်း၊ နာဂိုနို-ကရာဘတ်တွင် ကြောက်မက်ဖွယ်များ ပေါ်ပေါက်လာ ခြင်းနှင့် မပြင်းထန်သော်လည်း စိတ်ပူစရာကောင်းစွာ ပြန်လည်ရှင်သန်စ ပြုလာသော အမျိုးသားရေး ၀ါဒများ အရှေ့ဥရောပ နှင့်ယခင်ဆိုဗီယက်ယူနီယံတွင် ပေါ်ပေါက်လာခြင်းတို့ ဖြစ်ပါသည်။´ ဟု နိုင်ငံအလိုက် အမျိုးသားရေးဝါဒ အငြင်းအခုံ ရလဒ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံသဘောတရားများနှင့် ပတ်သတ်သော ဆောင်းပါးများသည် စာဖတ်သူအတွက် တွေးတောစရာ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က (ယခုဆောင်းပါး ဘာသာပြန်သည့် ခုနှစ်မှာ ၁၉၉၁ ဖြစ်သည်) ဥရောပမှ ပေါ်ထွက်လာခဲ့သည့် အင်ပါယာကြီးများ ပြိုကွဲပြီး ကြုံတွေ့ရသည့် ဝေဒနာမျိုးကို နောက်ထပ်ခံ စားရတော့မည် မထင်ပါ။

နောက်ဆုံးတွင် လက်ရွေးစင်ဆောင်းပါးများစွာကို ကမ္ဘာ့ဆောင်းပါးကောင်းများရဲ့ ကုန်ကြမ်းအရင်းအမြစ် ရရှိရာဒေသ ဖြစ်တဲ့ အို..အာဖရိက ဆောင်းပါးနှင့် အဆုံးသတ်ဖော်ပြ ထားတာတွေ့ရပါတယ်။

`တောင်ကွဲချိုင့်ဝှမ်းကြီးကို အာကာသမှ လှမ်းမြင်နေရသည်။ တောင်ကွဲချိုင့်ဝှမ်းကြီးသည် အာဖရိကတိုက် အရှေ့ဘက် ပုခုံးကိုဖြတ်ပစ်လိုက်သည်။ ကြီးမားသည့် ဘူမိဗေဒဆိုင်ရာ ဒဏ်ရာဟက်တက်ကွဲကြီး တစ်ခု။ အာဖရိကတိုက်မှ အာဏာစက်၏ လျှို.၀ှက်ဆန်းကြယ်မှုကြီး တစ်ရပ်။ လူ့ဘ၀သည် ထိုတောင်ကွဲချိုမ့်ဝှမ်းကြီး ထဲမှအစပြုခဲ့သည်။ ´ လို့ အာဖရိတိုက်ရဲ့ ဘူမိဆိုင်ရာပုံရိပ်ကို ကွင်းကွင်းပုံဖော် ခဲ့ပြီး အစွန်းထွက်မှုတို့ရဲ့ ဧတဂ်၊ အစနှင့် အဆုံးတို့၏ ပါရမီဥာဏ်ရှင်၊ ကမ္ဘာပျက်ကပ်ဘေးရဲ့ ပုဗ္ဗနိမိတ်ဟု ပုံဖော်ထားသဖြင့် ဘာသာပြန်သူ၏ မြန်မာစာပေ ကျွမ်းကျင်နှံ့ စပ်မှုကို တွေ့ရှိနိုင်သည်။

သမိုင်းကြေးမုံ စာအုပ်ကို ခြုံကာသုံးသပ်ရမည် ဆိုလျှင် ဘာသာစကားကို ကျွမ်းကျင်နှံ့စပ်ခြင်း ဆောင်းပါးကောင်းများအား ရွေးချယ် ပြန်ဆိုခြင်းတို့ကို သတိမပြု၊ အသိအမှတ်မပြုပဲ မနေနိုင်လောက်အောင် ကောင်းမွန်သည့် ဆောင်းပါးပေါင်းချုပ် တစ်အုပ်ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေးနှင့် ကမ္ဘာ့စီးပွားရေး အမြင်ပေါင်းစုံကို ထည့်သွင်းဖော်ပြထားတဲ့ ဘာသာပြန် သမိုင်းစာတမ်းငယ်များ ပင်ဖြစ်သည်။ ဘာသာပြန်သူ၏ နိုင်ငံရေး သဘောတရား နှင့် နိုင်ငံဝေါဟာရ ကျွမ်းကျင်နှံ့စပ်မှုကြောင့် ကမ္ဘာ့နိုင်ငံရေး စိတ်ဝင်စားသူများအတွက် သုံးသပ် ဖတ်ရှုနိုင်သော စာအုပ်တအုပ် ဖြစ်သည်။

သတင်းစာနယ်ဇင်း သမားများအတွက်လည်း သမိုင်းအက်ဆေး ခေါ်ခေါ် ၊ သမိုင်းခွဲခြမ်းစိတ်ဖြာချက် ဆောင်းပါးအရေးအသားများဟုခေါ်ခေါ် တင်ပြပုံတင်ပြဟန်များမှာ အတုယူဘွယ်ရာကောင်းလှသည်။ ဆောင်းပါး အစတွင် စာဖတ်သူအား တဖြည်းဖြည်း ဆွဲခေါ်သွားပြီး အလယ်တွင်မြင့်တက်လာကာ အဆုံးတွင် တောင်ထိပ်ပေါ်မှ ပြစ်ချလိုက်သကဲ့သို့ ခံစားရသည့် သမိုင်းအက်ဆေးများလည်း ပါဝင်သည်ကို သတိပြုမိသည်။ ဆောင်းပါးရှင်က ပြောချင်သည့် မက်ဆေ့ခ်ျကို ချက်ခြင်းမပြောသေးပဲ သိုင်းဝိုင်းကာ ရေးပြသွား ပြောသွားပြီးမှ နောက်ဆုံး စာကြောင်း ၃/၄ ကြောင်းဖြင့် တစ်ပုဒ်လုံးကို ခြုံငုံမိသည့် နိဂုံးများဖြင့် အဆုံးသတ်သည့် ဆောင်းပါးများလည်း တွေ့ရသဖြင့် စံပြု အတုယူဘွယ် တင်ပြပုံများဖြစ်သည်။