| Monday, 10 January 2011 | |
| စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ ဂျူနီယာဝင်း ဇန်န၀ါရီ ၁၁၊ ၂၀၁၁ (Maung Wunna & his Wife seen together at U Pe Thein's home, 2008 - Photo by Junior Win) ဆရာ့ကို ကျွန်မ စတင်မြင်ဘူးခဲ့တာက ကာတွန်းဆရာကြီး ဦးဖေသိန်းမွေးနေ့မှာပါ။ ဆရာက ကျွန်မကို “မင်းရေးတဲ့ အဲလစ်စာအုပ်ကို မင်းလက်မှတ်ထိုးပြီးပေးမှ ယူမှာကွ။ ဒီအတိုင်း မယူဘူး။” လို့ပြောခဲ့တယ်။ အဲသည်စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မသိတယ်။ ကျွန်မကလည်း “ပေးပါ့မယ်” ပေါ့။ ဆရာဘေးက ဆရာဇနီးနဲ့ နှူတ်ဆက်ရင်း ”မောင်စိန်သောင်း မနှင်းရည်” ၀တ္ထုတိုများကို ကြိုက်နှစ်သက်ကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ဆရာ့ရဲ့ ရုပ်ရှင်ကားများကိုတော့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင်လတ် အသည်းစွဲခဲ့ပုံကတော့ အခုထိ ကျွန်မ မိဘများ ပြောနေဆဲပါ။ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ရုပ်ရှင်က ကျွန်မတို့မမွေးခင်က မြန်မာပြည်မှာ ပြခဲ့ပါတယ်။ အဲသည်ကားကို ကြိုက်လွန်းလို့တဲ့ ဘဘကြီးက သူ့တပည့်များကို မြေနီကုန်း ရုပ်ရှင်ရုံတစ်ရုံရဲ့ DC (Dress Circle) လို့ ခေါ်တဲ့ အပေါ်ထပ် တစ်ထပ်လုံးကို ငှားပြီး ခေါ်ပြသတဲ့။ ကျွန်မမိဘများလည်း မနေရပါဘူး။ ဖေဖေနဲ့ မေမေကလည်း ကြိုက်ကြောင်း ပြောကြပါတယ်။ ဘဘကြီး ဘယ်လောက်တောင် ကြိုက်သလဲဆိုတာ။ ကျွန်မတော့ မကြည့်ဖူးခဲ့ပေမယ့် ဘဘကြီးရဲ့ အသည်းစွဲရုပ်ရှင် ဆိုတာ ပြောပြောနေတာနဲ့ ကြားဖူးနေပါတယ်။ ကျွန်မသိခဲ့ဖူးတဲ့ ရုပ်ရှင်ကတော့ “ချစ်တဲ့သူငယ်လေ”၊ “ပန်းတွေနဲ့ ဝေ”တို့ ပါပဲ။ အမှန်ပြောရရင် အဲသည်ကားများကို ကျွန်မဦးလေး တက္ကသိုလ်ကျောင်းသားများ အလွန်နှစ်သက်ကြတယ် ဆိုတာကိုတော့ မှတ်မိနေခဲ့တယ်။ ကျွန်မ ကြည့်ခဲ့ဖူးသလောက် မှတ်မိသလောက် စဉ်းစားမိသလောက်ကတော့ ကျောင်းသွားတဲ့ သစ်ပင်တွေအောက်က လမ်းတစ်လျောက်မှာ မင်းသားနဲ့ မင်းသမီး မေ၀င်းမောင်နဲ့ မောင်ရူပ လမ်းလျောက်တာ၊ ကျောင်းသွား ကျောင်းပြန် လုပ်ကြတာတွေတော့ မြင်နေတယ်။ အဲသည်တုန်းက ပျင်းလိုက်တာမှ။ ကျွန်မဦးလေးကတော့ ဘယ်လောက် အဓိပ္ပါယ်ရှိကြောင်းတွေ ပြောနေလေရဲ့။ ကျွန်မတို့က သိပ်ငယ်သေးလို့ ထင်ပါရဲ့။ အဲ … ပျင်းတာပဲ မှတ်မိတော့တယ်။ မှတ်မိသလောက်ပြောရရင် ဆရာရိုက်တဲ့ “ဓါတ်ခဲ” ဆိုတဲ့ ရုပ်ရှင်ကားဟာ မြန်မာပြည်မှာ Best Audience ရခဲ့တယ်။ စာရေးဆရာ ဦးသုမောင် အိမ်ကိုလာတုန်းက ပြောတာ မှတ်မိနေတယ်။ အဲသည်ကားက အရမ်းအောင်မြင်ခဲ့တာ မောင်ဝဏ္ဏတစ်ယောက် ဒီပရက်ရှင် ဖြစ်သွားသတဲ့။ ဒိလောက် ငွေရေးကြေးရေးအရ အောင်မြင်တယ်။ ပရိသတ်တွေကလည်း အားပေးလိုက်တာမှ။ ရုံပေါ်ကနေ အပတ်ပေါင်းများစွာ တင်ထားရတယ်။ ဒါတောင် ပရိသတ်က အားမရသေးဘူး။ ဒါလောက် လျှမ်းလျှမ်းတောက် ဖြစ်တာကို ဒီပရက်ရှင် ဘာကြောင့် ဖြစ်၇သလဲ။ ဒါကိုတော့ အနုပညာသည်များသာလျှင် နားလည်ပေလိမ့်မယ်။ “ခုနှစ်စဉ်အလွမ်း” ကိုတော့ အရမ်းကြိုက်တယ်။ အကယ်ဒမီရတယ် ဆိုတော့လည်း ၀မ်းသာမိတယ်။ သုမောင် မင်းလူ မောင်ရူပ စတဲ့ ညီအကိုများ ပါဝင်ထားတဲ့ရုပ်ရှင်တကားအဖြစ် အမှတ်တရဖြစ်ခဲ့ရပါတယ်။ အမှန်ပြောရရင် မောင်ဝဏ္ဏဆိုတာကို စာရေးဆရာအဖြစ်နဲ့ ပိုပြီး သတိထားမိခဲ့တယ်။ ဆရာရေးတဲ့ ၀တ္ထုများဟာ မဂ္ဂဇင်းကို လှန်လိုက်တိုင်း မောင်ဝဏ္ဏဆိုတဲ့ အမည်တွေ့တာနဲ့ အရင်ဆုံးကောက်ဖတ်ချင်ရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ စာရေးဆ၇ာပဲဆိုတာအမှန်ပါပဲ။ တော်တော်လေး အနှစ်သက်ဆုံးထဲမှာ ပါပါတယ်။ ဆရာရေးတဲ့ အချစ်ဝတ္ထုများကို သိပ်ကြိုက်ခဲ့ရပါတယ်။ ဆရာ့ရဲ့ရေးတဲ့စတိုင်ဟာ သဘာဝကျတယ်။ ပေါ့ပါးတယ်။ ပြီးတော့ အဆန်းထွင် လုပ်ဇာတ်များ မပါဘူး။ ရိုးစင်းတဲ့ အချစ်ဇာတ်လမ်းများနဲ့ မောင်စိန်သောင်း မနှင်းရည်ဝတ္ထုများလို အိမ်ထောင်ရေး ဇာတ်လမ်းများဟာလည်း အင်မတန် ဖတ်လို့ ကောင်းခဲ့ပါတယ်။ အထူးသဖြင့် Dialogueတွေမှာ ဆရာဟာ အလွန်ပိုင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ ဆရာတို့ရဲ့ဖခင်ကြီး ဦးသာဓုရဲ့ သွေးတွေ စီးဆင်းနေလို့ပဲပေါ့။ ဆရာ ကွယ်လွန်တယ် ဆိုတော့ ဒါတွေကတော့ ခေါင်းထဲမှာ ပေါ်လာတာတွေပါ။ ဆရာ့ရဲ့ ပရိသတ်တစ်ယောက် အနေနဲ့ ခံစားမိတာတွေပါပဲ။ အနုပညာသည်စစ်စစ်တယောက် ဆိုတာရဲ့ အဓိပ္ပါယ်ဘာလဲ ဆိုတာပြခဲ့တဲ့ ဆရာ့ကို မမေ့တော့ပါဘူး။ ဆရာ ကောင်းမွန်ရာကို ရောက်ပါစေ။ (Junior Win Blog မှ တဆင့် ကူးယူဖော်ပြပါတယ်) |
Wednesday, January 12, 2011
မောင်ဝဏ္ဏ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment