Sunday, July 18, 2010

အောင်ဆန်း (သို.အဟုတ်) အရိုင်း (ဒဂုန်တာရာ)

မနက်ဖြန် အာဇာနည် နေ. အမှတ်တရ တင်ပေးလိုက်ပါတယ်။



အောင်ဆန်း (သို.မဟုတ်) အရိုင်း

ရေးသူ.... ဒဂုန်တာရာ

ရုပ်ပုံလွှာ စာအုပ်မှ (သူငယ်ချင်းတို.ဖတ်ရအောင် ကူးရိုက်ပေးလိုက်ပါတယ်)




သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ၊ တချို့ က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့ သော် ပြက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း တည်ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ ကိုနောက်ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်းမရှိ၊ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြားဘာအဓိပါယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့ သော် မှိုင်းညို့ ခြင်းတခုကိုသာ ရဲဝံ့စွာဆောင်၍နေသည်။

သူသည် စိမ်းညိုသော ကားကြီး၏ ရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထ၀ီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့ မဟုတ် တောင်ပေါ်ချင်းတစ်ယောက် မျက်နှာနှင့်လည်းတူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ ခြင်းတို့ သည် သူ့ တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာတွေ့ မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ သူတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည် လက်နှစ်ဖက်ကို ဘေးသို့ ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ ခြင်းမရှိ။ သို့ သော် အတွင်း၌ကား အနက်ပါ၏။

သင်ပထမဦးဆုံးတွေ့ မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင်၊ ကျွန်တော်သည် သည်ပုံကိုရေးပြမည် ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ ခု၊ ပထမဆုံးကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကြီးကို ရန်ကုန်မြို့  ဂျူဘလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင်ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ်၊ အောင်ဆန်းစကားပြောသည်ကို တွေ့ မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက်၊ ‘အောင်ဆန်း’ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ ကိုသိချင်သောစိတ်ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့ အကြောင်းကို သိချင်၏။ တွေ့ ဖူးချင်၏။

သို့ သော် ဂျူဘလီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့ မြင်ကြားနာရသောအခါ၊ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။

တွေ့ ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍၊ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကိုရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ ကြောင့် စိတ်ထဲက မကျေနပ်။



နောက် ၁ နှစ်ခန့် ကြာသောအခါ၊ ကျွန်တော်သည် တက္ကသိုလ်သို့  ရောက်၍နေသည်။

ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ်က၊ ကိုအောင်ဆန်း သည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်လာ၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်၊ မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေးအတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့်၊ သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ ပေးခဲ့၏။ သို့ သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက်မဟုတ်သဖြင့် သူနှင့် အသိထက်လွန်မြောက်၍၊ ရင်းနှီးသောအဖြစ်သို့  မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့ သူဖြစ်၏။ စာပေကဗျာလင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ ကြောင့် သူနှင့် ကျွန်တော် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀ထိပင် ရင်းနှီးချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမား လည်းမဟုတ်။

သို့ သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့  မဟုတ်။

ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံစသော ကဗျာများ၊ တတ္ထုတို၊ ဆောင်းပါးစသည့် စာပေများကို သူအကုန်ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်း မဟုတ်။

သို့ သော် တစ်ခါက သခင်ဘဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတစ်ခုကိုကား ကျွန်တော့်ရှေ့ တွင်ပင် ဖတ်နေသည်ကို တွေ့ ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - မြန်မာ ဆောင်းပါးရှင်တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သူ၏ဆောင်းပါးများကို ဂန္တလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည်ုဗုဒ္ဓ ဘာသာတရားတော်နှင့်ပါတ်သက်သော ဆောင်းပါးများကိုရေး၏။ ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေးပြဿနာကို သူသည် ဂန္တလောကတွင် ပန်းတနော်ဦးသန့် နှင့် အပြန်အလှန်ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏၊ ကြွေးကြော်သံ ‘မျိုးညွန့် ’ မဂ္ဂဇင်းတွင်ပါသော သူ၏ ‘လောက၀ိဟာ’ အမည်ရှိ ဆောင်းပါးတိုကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ပညာ ဗဟုသုတအမြင်တို့ ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် မြန်မာစာရေးညံ့သူ မဟုတ်ပေ၊ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏၊ တစ်ခါတစ်ရံ ဟာသဉာဏ်ပါ၏။

ပုသိမ်မြို့ တွင် ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့် ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို ‘ပညာရေး ပူရာဏ်ကျမ်းကြီးပေတကား’ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက် ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ ဗမာအစည်းအရုံးသို့ ဝင်သောအခါ၊ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့ နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား၊ ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိ နိုင်ငံရေးက အစချီ၍ မျက်မှောက်မြန်မာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့  ထွက်သွားသဖြင့်၊ သူ့ ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရကလည်း ငြိုးထား၍ လားမပြောတတ်၊ ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာလေသည်။





သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က၊ သူသည် ဘီအယ်လ်တန်းတွင်ရှိ၍၊ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏အခန်းသည် သပ်ရပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့ ၊ ဘီရိုပေါ် တချို့ ၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့် ကျဲကာ ရုန်းရင်းဆန်ခတ် ဖြစ်၍နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတစ်ဦး ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့်အဖို့ ကား၊ ဒေါသကြီးသည် မကြီးသည်ကို မသိ၊ သူ့ တွင် စိတ်လိုက်မာန်ပါစိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့၊ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့  ပြောကြသည့်အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက၊ ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည်၊ မစ္စတာရာရှစ်အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍၊ ‘ရဲရင်ထွက်’ စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါး

သို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဘမော်၏ တက္ကသိုလ် ဥပဒေပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍၊ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့်၊ သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ၊ ဥက္ကဋ္ဌကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါပြောပြီးနောက် တစ်ပတ်လောက်ကြာသောအခါ၊ ထိုနေ့ က အောင်ဆန်းက ညိုမြအား ရှုပ်ချသောစကားများကို ရုတ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က၊ ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာထားကို ထားခဲ၏။

သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ ဖူးသောသူကို နောက်တစ်ခါတွေ့ လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ ကို သိသူက ပြုံးပြသော်လည်း၊ သူသည် တုံ့ ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည် လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ ကြောင့် သူသည် သုန်မှုန် လျက်ရှိနေသည်။

သူစကားပြောလျှင်လည်း၊ နိုင်ငံရေးကြောင်းသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးကလူများ၏ စကားကို သူ မကြား၊ သူ ပြောချင်တာတွေကိုသာ စွတ်၍ပြောနေတတ်သည်။





တစ်ခါက ရန်ကုန်ကို ဂျပန်သိမ်းပိုက်စအချိန်၊ ၀ိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့်ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောကရောက်ခါစဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒရားတွင်၊ ကျွန်တော်က ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ်ကျောင်းသားတချို့ က ၀ိုင်း၍ သီချင်း လိုက်ဆိုလျက်ရှိ၏။ ဘီအိုင်အေသမားများမှာ၊ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံ ကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒရားမှာ အသံတွေ ပျက်နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်…

ချစ်သဲနွယ်

အဟုတ်ကိုချစ်တော့မယ်

ခင်ရယ် ကြင်မယ်…

ဝိုင်း၍ဆိုနေကြရာမှ၊ သည်နေရာသို့  ရောက်သောအခါ၊ ကိုအောင်ဆန်း သည် ဂေါက်-ဂေါက်-ဂေါက်နှင့်၊ တစ်ဘက်မှ လျှောက်လာကာ စန္ဒရားအပါးတွင် လက်ထောက်ကာ ရပ်လျက်…

“ဟေ့… ရပ်ကြ။ ခုလိုအခါမျိုးမှာ၊ ရဲစိတ်ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ ကိုသာ ဆိုရမယ်ဗျ၊ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး”

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒရားကို ခေတ္တရပ်လိုက်၏။ သူသည် သူ ပြောချင်တာပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့ လည်း ဆက်လက်သီဆိုကာ၊ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်) ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင်၊ ပထမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသောအခါ၊ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးလျက်ရှိကြ၏။ စန္ဒရားဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက်ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒရားဆရာကို ရပ်စေကာ၊ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်သွား၍ သီချင်းတစ်ပုဒ်ကို ဇွတ်တီးစေ၏။ သူသည် စန္ဒရားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ၊ “ကဉ္စန” သီးချင်းပင်ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။

တစ်ခါက ဂျပန်ခေတ် ၀န်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ၊ သူ့ ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့်၊ ထမင်းစားခန်းကြီးထဲသို့ သူ့ ကိုအရင်ဝင်စေ၏။ ဧည့်သည်များကား၊ အ၀တွင်ရပ်၍၊ သူ့ အ၀င်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက် ပြီး၊ ဆတ်ခနဲ ဗယာကြော်တစ်တုံးကို ယူစားလိုက်လေ၏။

သူထမင်းစားနေစဉ်၊ ဧည့်သည် ၀င်လာလို့ လည်း၊ မြန်မာ့ဧည့်ဝတ်ထုံးစံ အရ ထမင်းစားပါဦးလားဟု ခေါ်ချင်မှခေါ်သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့်

သူ့ ကို မိတ်ဆွေရင်းများက ‘ကြောင်’ သည်ဟု အမှတ်ထားကြလေ၏။





သူ့ တွင် သိမ်မွေ့ ခြင်း မရှိ၊ အလှအပကို သူမမက်မော၊ သူသည် ကြမ်းတမ်းသည်၊ ရိုင်းသည်၊ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ ကို၊ သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား၊ သူ့ ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်၊ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင်၊ မပြုမပြင်ပဲ နေ၏။ သူ့ တွင် နိုင်ငံရေးဝိညာဉ်ကား၊ ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦး ဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏၊ ကြောင်၏၊ ကိစ္စ မရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့်၊ တစ်ခုတည်းသော မဲ၍လုပ်သော နိုင်ငံရေးသတ္တ၀ါ ဖြစ်၏။ ထို့ ကြောင့် ကိစ္စမရှိ။

၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့ ရ၏။ သူသည် အနုပညာ အကြောင်းကို ပြောပြ၏။

“အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့၊ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာ ရှိတာပဲ။ အနုပညာမြောက်မှ၊ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေးအစစ်ပဲ…”

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃-၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့ ၏။

သူသည် ဧည့်ခန်းရှိ အဖုံးအုပ်ထားသော စန္ဒရားတွင် လက်ထောက်ကာ “ဒီမယ်..အိမ်ထောင်ပြုတယ်ဆိုတာ သိပ်…စဉ်းစားတွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်…” ဟု မမေးပဲ သူ့ ဖာသာသူ ပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းလျားကန်စောင်းရှိ သူ့ အိမ်သို့ ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့ နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော် မတွေ့ တော့။ တွေ့ ဆုံဖို့ လည်း အကြောင်းမရှိ။ အကြာင်းမရှိပဲ သူ့ ဆီသွားလည်ကလည်း၊ ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာခေါ်မည့်လူစားမျိုးလည်း မဟုတ်။

တစ်ခါက ဗိုလ်ချုပ်ဘ၀တွင်၊ မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။ အော်…သားနဲ့ မယားနဲ့ မို့ လူစိတ် တော်တော်ပေါက်လာပြီ၊ အရင်ကလို ‘ကြောင်’ တော့မည်မဟုတ်၊ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည် ဟု အောက်မေ့လိုက်၏။ မှန်, မမှန်ကား မပြောတတ်။

ဖဆပလဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ၊ သူ၏နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်၊ သူ၏ လူအဖြစ်သာ၊ ကျွန်တော် သိသည်အထိ၊ ပြောပြခြင်းဖြစ်ပေသည်။

တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ သူတစ်ဦးဖြစ်၍၊ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။



ဒီဇင်ဘာလ၊ ၁၉၄၆

No comments:

Post a Comment